ဧရာ၀တီတိုင်းမ်
ဇွန် ၃၀ ရက်

နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် ဖျက်အားပြင်း စစ်ကိုင်းငလျင်ကြောင့် ဆိုးရွားစွာထိခိုက်ပျက်စီးခဲ့သည့် မြန်မာနိုင်ငံငလျင်ဘေးပြန်လည်ထူထောင်ရေးကို မျက်ကွယ်မပြုသင့်ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ – ICRC က ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ဖျက်အားပြင်း စစ်ကိုင်းငလျင်က ဘေးဖြစ်လွယ်၊ ထိခိုက်လွယ်သည့် မြန်မာလူထု၏အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ပြီး အဖွဲ့အစည်းများက ကူညီထောက်ပံ့ ပေးသော်လည်း ငလျင်ဘေးပြန်လည်ထူထောင်ရန် အကူအညီများစွာ လိုအပ်နေဆဲဖြစ်ကြောင်း ICRC က ဆိုသည်။

“ငလျင်နောက်ပိုင်းမှာ လူထုက သူတို့ရဲ့ လူမှုဘဝတွေကို ပြန်လည်တည်ဆောက်ဖို့အတွက် ရုန်းကန်နေတာကို မြင်ရတာ ဝမ်းနည်းဖွယ်ရာဖြစ်ပါတယ်။ ဒါက ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခကြောင့် နဂိုကတည်းကမှ ကြီးကြီးမားမား ထိခိုက်ခံစားနေရတဲ့ လူထုရဲ့ လူမှုဘဝတွေ ထပ်မံ ဖျက်ဆီးခံလိုက်ရတယ် ဆိုတာကို မေ့ထားလို့ မရပါဘူး။ သူတို့ရဲ့ ပြန်လည်ထူထောင်ရေးခရီးလမ်း တစ်ဆင့်စီတိုင်းမှာ ကျွန်ုပ်တို့က သူတို့နဲ့အတူ ရပ်တည်နေပါတယ်”ဟု ICRC ရန်ကုန်ကိုယ်စားလှယ်ရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Arnaud de Baecque ကပြောသည်။

ငလျင်ဘေးသင့် ဒုက္ခသည်အများစုမှာ ၄င်းတို့၏၀င်ငွေရှာဖွေသည့်လုပ်ငန်းများ ဆုံးရှုံးခဲ့သည့်အပြင် မြင့်တက်လာသည့် ကုန်စျေးနှုန်းများကြောင့် အခြေခံစားသောက်ကုန်၊ ဆေး၀ါးများနှင့် သန့်ရှင်းရေး ဆိုင်ရာပစ္စည်းများ ၀ယ်ယူသုံးစွဲရေး အခက်တွေ့နေကြောင်း ICRC က ဆိုသည်။

“ကမ္ဘာကြီးအနေနဲ့ ဒါတွေကို မျက်ကွယ်ပြု ထားလို့မရပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်းက သူတို့ရဲ့ ပံ့ပိုးမှုတွေကို မြှင့်တင်ဆောင်ရွက်သွားရပါမယ်”ဟု ICRC မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Arnaud de Baecque ကပြောသည်။

ICRC အနေဖြင့် ငလျင်ဒဏ်ကြောင့် ဆိုးရွားစွာထိခိုက်ခံစားခဲ့ရသည့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့မှ လူပေါင်း ၁၁၁၀၀၀ ကို မြန်မာနိုင်ငံကြက်ခြေနီအသင်း, အခြားသော ဒေသတွင်း မိတ်ဖက် အဖွဲ့အစည်းများနှင့်လက်တွဲ၍ သောက်ရေ၊ အစားအစာ၊ မိုးကာစ (တာပေါ်လင်)၊ အိမ်သုံးပစ္စည်းများ၊ နေရောင်ခြည်စွမ်းအင်သုံး (ဆိုလာ) မီးများ၊ အရေးပေါ်လိုအပ်ချက်များဖြည့်ဆည်းရန်အတွက် ငွေကြေးများ ကူညီထောက်ပံ့ခဲ့ကြောင်း ICRC က ထုတ်ပြန်သည်။

ထို့ပြင် ဆေးရုံများနှင့် ရွှေ့လျားဆေးပေးခန်းများဖြင့် ကျန်းမာရေး၀န်ဆောင်မှုများ ကူညီပေးခဲ့သလို မန္တလေး၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ်တို့မှ ငလျင်ဒဏ်ဆိုးရွားစွာခံစားခဲ့ရသော လူပေါင်း ၄၉,၀၀၀ ကျော်ကို နေအိမ်များပြန်လည်တည်ဆောက်ရေး၊ သန့်ရှင်းသောရေနှင့် အိမ်သာများရရှိရေးတိုကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မြန်မာ့ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွင် ပါ၀င်နေသည့်အဖွဲ့များအားလုံး အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို အပြည့်အဝလေးစား လိုက်နာပြီး ထိခိုက်ခံစားခဲ့ရသည့် ဒေသများအားလုံးတွင်ရှိသည့်ပြည်သူများထံသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ ပေးအပ်ရေးသွားရောက်ခွင့်ကို ကျယ်ကျယ်ပြန့်ပြန့် ခွင့်ပြုပေးရန် တိုက်တွန်းကြောင်း ICRC က ထုတ်ပြန်သည်။

အင်အားပြင်း စစ်ကိုင်းငလျင်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့မှ လူပေါင်း ၃,၇၀၀ ကျော် သေဆုံးခဲ့ပြီး လူပေါင်း ၅,၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူပေါင်း ၅၀ နီးပါးမှာ ယခုအချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း စစ်ကောင်စီ၏ စာရင်းများအရ သိရသည်။

ဓာတ်ပုံ – ICRC Myanmar