ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဇွန် ၂၉ ရက်)

အမျိုးသမီးတွေဘဝမှာ အပျိုဖော်ဝင်ခြင်းကိုကြုံရသလို မီးယပ်သွေးဆုံးခြင်း (Menopause) သည် လည်း အချိန်တန်လျှင် ကြုံလာရမယ့် သဘာဝဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ မိန်းမသားတို့ရဲ့ဘဝတစ်ကွေ့၊ အပြောင်းအလဲကာလတစ်ခုသာဖြစ်ပြီး ရောဂါတစ်ခုမဟုတ်ပါ။

ဒါကြောင့်ကျန်းမာရေးအသိပညာဖြင့် ကြိုတင်ပြင်ဆင်ထားကာ ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်း နိုင်ပါတယ်။

#‌မီးယပ်သွေးဆုံးခြင်း (Menopause)

အမျိုးသမီး သားဥအိမ် (Ovary) မှ သားဥကြွေခြင်းဖြစ်စဉ် အတွက် အရေးပါတဲ့ သန္ဓေသားဖြစ်လာမယ့် သားဥတွေကို မျိုးဆက်ပွားဖို့ လစဉ်ထုတ်လုပ်ပေးနေပါတယ်။ ဓမ္မတာစက်ဝန်းထိန်းညှိပေးဖို့ အမျိုးသမီးဟော်မုန်း အီစထရိုဂျင် (Estrogen) နှင့် ပရိုဂျက်စတီရုန်း (Progesterone) တို့ ကိုလည်း ထုတ်ပေးပါတယ်။

သားဥလည်းမှန်မှန်မကြွေ အမျိုးသမီးဟော်မုန်းထုတ်လုပ်မှုလည်းသိသိသာသာကျဆင်းသွားပြီး ဓမ္မတာ ရာသီစက်ဝန်းလည်း အချိန်မမှန်တော့တဲ့အခါ မီးယပ်သွေးဆုံးခြင်း အစပျိုးပါပြီ။ ရာသီဓမ္မတာသွေး နောက်ဆုံးလာပြီးနောက် ၁၂ လဆက်တိုက် လုံးဝမပေါ်တော့ပါက ဆေးပညာအရ မီးယပ်သွေးဆုံးပြီလို့ သတ်မှတ်ပါတယ်။

မြန်မာအမျိုးသမီးအများစုမှာ အသက် ၄၅ နှစ်မှ ၅၅ နှစ်အတွင်း သွေးဆုံးကိုင်လေ့ရှိပါတယ်။ သို့သော် မျိုးရိုး၊ လူနေမှုပုံစံနှင့် ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး အသက် ၄၅ နှစ်ထက်စော၍ သွေးဆုံး နိုင်သလို၊ အသက် ၆၀ နောက်ပိုင်းမှ သွေးဆုံးခြင်းများလည်း ကြုံရနိုင်ပါတယ်။

မီးယပ်သွေးဆုံးခြင်းဆိုတာ နေ့ချင်းညချင်း ရုတ်တရက်ဖြစ်ပေါ်လာတာမဟုတ်ဘဲ ခန္ဓာကိုယ်က အပြောင်းအလဲကာလတွေကို အောက်ပါအတိုင်း အဆင့်ဆင့်ဖြတ်သန်းရပါတယ်။

#သွေးဆုံးခါနီးကာလ (Perimenopause)

သွေးမဆုံးမီ နှစ်အနည်းငယ်အလိုမှာတည်းက စတင်လေ့ရှိပြီး ရာသီစက်ဝန်းမမှန်ခြင်း၊ ရာသီ သွေးပမာဏ အပြောင်းအလဲဖြစ်ခြင်းတို့ဖြင့် ခန္ဓာကိုယ်ကတုံ့ပြန်ပါတယ်။ သွေးဆုံးကိုင်လက္ခဏာ အများစုကို ဒီအချိန်ကာလမှာ စပြီး ကြုံရပါပြီ။

#မီးယပ်သွေးဆုံးကာလ (Menopause)
ရာသီသွေး လုံးဝ မပေါ်တာ၁၂ လပြည့်ချိန်ရောက်ပါက မီးယပ်သွေးဆုံးကာလလို့ သတ်မှတ်ပါတယ်။

#သွေးဆုံးပြီးနောက်ပိုင်းကာလ (Postmenopause)
သွေးဆုံးပြီးနောက် ဘဝတစ်လျှောက်လုံးမှာ သွေးဆုံးခြင်းနှင့်ဆက်စပ်တဲ့ ကျန်းမာရေးအခြေအနေတွေ ကြုံရပါတော့တယ်။

#သွေးဆုံးမီးယပ်လက္ခဏာများ
သွေးဆုံးကိုင်တဲ့အခါ ခံစားရတဲ့အခြေအနေတွေ အမျိုးသမီးတစ်ဦးနှင့်တစ်ဦး ထပ်တူမကျနိုင်ပါ။ အဖြစ်များတဲ့ သွေးဆုံးမီးယပ်လက္ခဏာတွေကိုတော့ အမျိုးသမီးများ သွေးဆုံးကိုင်လျှင် ကြုံတွေ့ရပါတယ်။

ခန္ဓာကိုယ်ရုတ်တရက်‌ပူ‌နွေးတက်လာခြင်း(Hot Flushes)၊ မျက်နှာ၊ လည်ပင်း ရင်ဘတ်တို့တွင် ရုတ်တရက်ပူရှိန်းလာပြီး နီမြန်းလာခြင်း၊ ကိုယ်ပူလာလိုက် အေးလာလိုက်ဖြစ်ခြင်း၊ ချွေးထွက်ခြင်းတို့ ဖြစ်ပါတယ်။

ညအိပ်နေစဉ် ချွေးစေးများထွက်ခြင်း၊ ချွေးများစိုရွှဲ၍ ပြန်အိပ်ရခက်လာခြင်းကို ကြုံရပါတယ်။ အိပ်မပျော်ခြင်းနှင့် အိပ်စက်မှုပုံစံပြောင်းလဲခြင်းဒဏ်ကိုလည်း ရင်ဆိုင်ရပါတယ်။ ညဘက်ချွေးထွက်တာကြောင့်အပြင် စိတ်အပြောင်းအလဲများ ခံစားရတာကြောင့် အိပ်ပျော်ရန်ခက်ခဲခြင်း၊ လုံးဝအိပ်မပျော်ခြင်း၊ နိုးကြားနေခြင်းများ ဖြစ်ရပါတယ်။

ရာသီဓမ္မတာမမှန်ခြင်း၊ ရာသီလာရက်များ နီးကပ်သွားခြင်း၊ ကျဲသွားခြင်း၊ သွေးဆင်းများခြင်း၊ နည်းသွားခြင်း၊ ကာလကြာရှည် သွေးဆင်းခြင်း၊ လနှင့်ချီ၍ ရာသီမလာတော့ခြင်းများ ဖြစ်ပေါ် နိုင်ပါတယ်။

မွေးလမ်းကြောင်း ခြောက်သွေ့ခြင်း ပြဿနာကလည်း တွေ့ရများပါတယ်။ အီစထရိုဂျင် မိန်းမဟော်မုန်း နည်းပါးသွားခြင်းကြောင့် မွေးလမ်းကြောင်းနံရံများ ပါးလွှာခြောက်သွေ့သွားတာကြောင့် ချစ်မှုရေးရာ နာကျင်ခြင်း၊ မသက်မသာဖြစ်ရခြင်းများ ကြုံတွေ့ခံစားရပါတယ်။ လိင်စိတ်ဆန္ဒလည်း လျော့နည်းသွားပါတယ်။‌

အမျိုးသမီးအလှအပ ပြဿနာတွေဖြစ်တဲ့ ဆံပင်ကျွတ်ခြင်း၊ အသားအရေခြောက်သွေ့ခြင်း၊ ကိုယ်အလေးချိန်တက်လွယ်ပြီး ခန္ဓာကိုယ်အချိုးအစားပြောင်းလဲခြင်း၊ ခါးတွင်အဆီပိုများစုလာခြင်း စတာတွေကိုလည်း ခံစားရပါတယ်။

ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ ရင်တုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ် အမြစ်ကိုက်ခဲခြင်းတို့အပြင် စိတ်အတက်အကျမြန်ခြင်း၊ အလွယ်တကူ စိတ်တိုဒေါသထွက်လွယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်မှုရခြင်း၊ အာရုံစူးစိုက်ရခက်ခဲခြင်းနှင့် သတိမေ့လွယ်ခြင်းများကဲ့သို့ ပြဿနာတွေကိုလည်း ကြုံတွေ့ရပါတယ်။

အီစထရိုဂျင်ဟော်မုန်းက နှလုံးနှင့် အရိုးကျန်းမာရေးအတွက် အရေးပါတာကြောင့် သွေးဆုံးပြီး နောက်ပိုင်းမှာ အရိုးပွရောဂါ (Osteoporosis)၊ နှလုံးနှင့် သွေးကြောရောဂါများ၊ လေဖြတ်ခြင်းအန္တရာယ် နှင့် ဆီးလမ်းကြောင်းကျန်းမာ ရေးပြဿနာများ ကြုံတွေ့ရင်ဆိုင်ရပါတယ်။

#သွေးဆုံးကိုင်ပြီးချိန်ပြောင်းလဲသင့်တဲ့နေထိုင်စားသောက်မှုပုံစံ

ထုံးဓာတ် ကယ်လ်ဆီယမ် (Calcium) နှင့် ဗီတာမင်ဒီ (Vitamin D) ကြွယ်ဝ သော အစားအစာတွေဖြစ်တဲ့ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ပဲပိစပ်၊ တို့ဖူး၊ ပဲနို့၊ ပဲပုပ်၊ ငါး တို့ကို စားသုံးပေးခြင်းဖြင့် အရိုးကျန်းမာရေးကို အထောက်အကူပြုပါတယ်။ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ အမျှင်ဓာတ်ကြွယ်၀တဲ့ အစားအစာတွေကိုလည်း များများစားပေးသင့်ပါတယ်။ အဆီများသော၊ အငန်များသော၊ အချိုများသော အစားအစာများကို တတ်နိုင်သမျှ လျှော့စားပါ။

ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုဖို့ ပျင်းရိ‌တဲ့ မြန်မာလူမျိုးတွေအတွက် တစ်ပတ်လျှင် အနည်းဆုံး သုံးနာရီ‌တော့ လမ်းသွက်သွက်လျှောက်ကြဖို့ အကြံပြုလိုပါတယ်။

လုံလောက်စွာ အနားယူအိပ်စက်ခြင်းကိုလည်းသွေးဆုံးကိုင်အမျိုးသမီးတို့ အလေးပေးသင့်ပါတယ်။ အိပ်ချိန်မှန်မှန်ထားရှိပြီး တစ်ညလျှင် ၇ နာရီမှ ၈ နာရီအထိ အိပ်စက်အနားယူပါ။ မအိပ်မီ ကဖင်း ဓာတ်ပါသော ကော်ဖီ အဖျော်ယမကာများရှောင်ပါ။ ကွန်ပျူတာ နှင့် တီဗွီ ကြည့်တာ၊ ဖုန်းသုံးတာ ရှောင်ကြဉ်ပါ။ screen time အလင်းပြန်မျက်နှာပြင် ရေရှည်ထိတွေ့ခြင်းကြောင့် မျက်လုံးနှင့်တကွ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကို ထိခိုက်ပါတယ်။

စိတ်ဖိစီးမှုလျှော့ချရန် တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ အသက်ပြင်းပြင်းရှူလေ့ကျင့်ခန်းလုပ်ခြင်း၊ ဇွန်းဘားကခြင်း၊ သီချင်းဆိုခြင်း၊ ပန်းချီဆွဲခြင်း၊ ဝါသနာပါရာအိမ်တွင်းလက်မှုပစ္စည်းများ ဖန်တီးခြင်း တွေကိုလည်းလုပ်ဆောင် နိုင်ပါတယ်။ ဆေးလိပ်နှင့်အရက်ကြောင့် သွေးဆုံးခြင်းလက္ခဏာများကို ပိုမိုဆိုးရွားစေတဲ့အပြင် နှလုံးရောဂါနဲ့ အရိုးပွရောဂါအန္တရာယ်ကိုပါ မြင့်တက်စေတာကြောင့် ဆင်ခြင်ရပါမယ်။

သွေးဆုံးခြင်းလက္ခဏာများက နေ့စဉ်လူနေမှုဘဝကို အလွန်အမင်း အနှောင့်အယှက်ဖြစ်စေပြီး ရာသီသွေးမမှန်မှုများ အလွန်အကျွံဖြစ်လာ၍ စိတ်ဓာတ်ကျဆင်းမှု ပြင်းထန်ပါက အနီးအနား ဝန်းကျင်မှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်တွေကို ပြသတိုင်ပင်ဆွေးနွေးဖို့ အကြံပြုပါတယ်။

လိုအပ်ပါက ဟော်မုန်းအစားထိုးကုထုံး (Hormone Replacement Therapy – HRT) နှင့် အခြားသော ဆေးဝါးများဖြင့် ကုသမှုခံယူခြင်း၊ ဖြည့်စွက်အားဆေးများ ညွှန်ကြားကုသခြင်းတို့ ခံယူနိုင်မှာ ဖြစ်ပါတယ်။

သွေးဆုံးပြီးမှ သွေးပြန်ဆင်းသည့်အခြေအနေဆိုတာ အမျိုးသမီးမျိုးဆက်ပွားအင်္ဂါ ကင်ဆာရောဂါတွေနဲ့ ဆက်စပ်မှုရှိနေတာကြောင့် သွေးဆင်းခြင်းတစ်ကြိမ်ကြုံရုံမျှဖြင့် သားဖွားမီးယပ်ဆရာဝန်များ ကျန်းမာရေးစောင့်ရှောက်ပေးသူဆရာဝန်များထံသို့ မဖြစ်မနေသွားရောက်တိုင်ပင်ပြသသင့်ပါတယ်။

အမျိုးသမီးတိုင်းကြုံရမယ့် မီးယပ်သွေးဆုံးကိုင်ခြင်းသဘာဝဖြစ်စဉ်ကို နားလည်ပြီး ရင်ဆိုင်ကြုံတွေ့ နေရသူတွေကို ဖေးမကူညီကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဧရာဝတီတိုင်မ်း သတင်းမီဒီယာမှ နောက်တစ်ပတ်မှာ ကျန်းမာရေးဆောင်းပါးအနေနဲ့ “အတက်ရောဂါ” အကြောင်း ဖော်ပြပေးမှာဖြစ်တာကြောင့် စောင့်မျှော်ကြပါဦးခင်ဗျာ။

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန်နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိ ပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)