ဧရာဝတီတိုင်းမ်
ဇွန် ၂၉ ရက်

တိုက်ပွဲများ ပြင်းထန်နေသည့် ရှမ်းမြောက်၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ သီဟသူရဘွဲ့ရ ဗိုလ်မှူးကြီး အေးမင်းအောင် ဒရုန်းထိမှန်ကာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့်အတွက် နေပြည်တော်သို့ အရေးပေါ် ပို့ဆောင်ထားရကြောင်း သိရသည်။

မေလနောက်ဆုံးပတ်အတွင်းကဖြစ်ပွားသည့် နောင်ချိုတိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့များ လွှတ်တင် လိုက်သည့် ဒရုန်းကိုထွက်ကြည့်ရာမှ ဗုံးကျရောက်ပေါက်ကွဲပြီး ဗိုလ်မှူးကြီး အေးမင်းအောင် ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။

“TNlA နဲ့ အုမ္မတီးစစ်မျက်နှာမှာဖြစ်တဲ့တိုက်ပွဲမှာ ဒရုန်းဗုံးထိမှန်သွားတယ်လို့ သိထားရပြီး ဒဏ်ရာ ပြင်းတယ်လို့ပြောပါတယ်။ ရခိုင်တိုက်ပွဲမှာ ဟိုဘက်ကတိုက်စစ်ကို မခံနိုင်တော့လို့ ဗရမ်းဗတာ ဆုတ်ခွာပြေးတာကို သီဟသူရဘွဲ့ပေးခံထားရတာပါ”ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရရှိသည့်ဒဏ်ရာမှာ ပြင်းထန်သည့်အတွက် နေပြည်တော် ခုတင် ၁၀၀၀ သို့ အရေး ပေါ်ပို့ဆောင်ထားရပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ဗိုလ်မှူးကြီးအေးမင်းအောင်မှာ စစ်တက္ကသိုလ်အပတ်စဉ် (၄၄) မှဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ မတ်လအတွင်းက ပုဏ္ဍားကျွန်းမြို့နယ်၊ ဗုဒ္ဓေါကျေးရွာအနီး တိုက်ပွဲများတွင် အာရက္ခတပ်တော် (AA) ကို နာရီပေါင်း ၃၆၀ ခန့်ကြာအောင် ခုခံတိုက်ခိုက်ခဲ့သည့်အတွက် သီဟသူရဘွဲ့ရရှိခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် ယခုဇွန်လ နောက်ဆုံးပတ်အတွင်း တိုက်ပွဲပြန်လည်ပြင်းထန်လာကာ ကံကြီး ကျေးရွာကို စစ်ကောင်စီက ပြန်လည်စီးနင်းထားပြီး စစ်ကောင်စီသည် ဇွန် ၂၅ ရက်နေ့မှ ၂၆ ရက်နေ့ အတွင်း လက်နက်ကြီး အလုံး ၂၀၀ ကျော်၊ ဒရုန်းဗုံးနှင့် လေယာဉ်ဗုံး ၁၀၀ ကျော်တို့ကို ကြဲချတိုက် ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားသည်။

စစ်ကောင်စီက နောင်ချိုကြီး တိမ်ပင်လယ်တွင် လက်နက်ကြီးစခန်းအခြေချပြီး ကံကြီးဘက်မှ တက်လာသည့်တပ်နှင့် တောင်ခမ်းဘက်မှ တက်လာသည့်တပ်တို့ကို အင်အားဖြည့်ပစ်ကူပေးရန် စီစဉ်ထားမှုများရှိကြောင်း သိရသည်။

ဓာတ်ပုံ-မြ၀တီ
ပုံစာ-သီဟသူရဘွဲ့ရဗိုလ်မှူးကြီးအေးမင်းအောင်ကို ၂၀၂၁ ဇန်နဝါရီ ၄ ရက်နေ့က တွေ့ရစဉ်။