ဧရာဝတီတိုင်းမ်
ဇွန် ၂၉ ရက်

TNLA တပ်များသိမ်းပိုက်ထားသည့် ရှမ်းမြောက်၊ ကျောက်မဲမြို့နယ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ ဇွန် ၂၉ ရက် နေ့လည် ၂ နာရီကျော်တွင် ကျောက်မဲမြို့ ၁ ရပ်ကွက်ကို စစ်ကောင်စီက ဗုံးကြဲချ တိုက်ခိုက်ခဲ့ရာ ပင်လုံလမ်း၊ ကမ္ဘောဇရှမ်းကျောင်းအနီး ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးသုံးဦးနှင့် အမျိုးသားနှစ်ဦးတို့ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည့် အတွက် အရေးပေါ်ဆေးရုံ၊ ဆေးခန်းများသို့ ပို့ဆောင် ခဲ့ရကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

” TNLA ရဲ့အုပ်ချုပ်ရေးရုံးကို ကြဲတာ၊ လူထိခိုက်မှုရှိတယ်လို့ ကြားတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဇွန် ၂၇ ရက်နေ့ကလည်း စစ်ကောင်စီက ‌ဂျက်ဖိုက်တာဖြင့် ကျောက်မဲမြို့ ရပ်ကွက် ၇ ကို ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည့်အတွက် လူ သေဆုံးမှုများရှိခဲ့သည်။

ထို့အပြင် ဇွန် ၂၄ ရက်နေ့ကလည်း ကျောက်မဲမြို့အတွင်းသို့ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုတွင် ဒေသခံ လေးဦးသေဆုံးပြီး ကလေးငယ်နှစ်ဦးအပါအဝင် ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅၀ နီးပါးနှင့် စာသင်ကျောင်းနှစ်ကျောင်း ထိမှန်ပျက်စီးခဲ့သည်။

စစ်ကောင်စီက အပစ်ရပ်စဲသည်ဟု ထုတ်ပြန်ထားပြီးနောက် ပြည်သူများကို ရည်ရွယ်ချက်ရှိရှိဖြင့် လေ ကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။

ထို့အပြင် စစ်ရေးတင်းမာနေသည့် နောင်ချိုမြို့အတွင်းကိုလည်း လက်နက်ကြီးများ ပစ်ခတ်သည့်အပြင် အဆိပ်ငွေ့ဗုံးများကိုပါ အသုံးပြုသည့်အတွက် မြို့ခံအများစုမှာ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ-ပေးပို့
#ရှမ်းမြောက် #ကျောက်မဲ #စစ်ကောင်စီ #ဗုံးကြဲတိုက်ခိုက်
#Ayeyarwaddy_Times