ဧရာဝတီတိုင်းမ်
ဇွန် ၂၉ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းကာကွယ်ရေးစခန်း (ပဒါန်းတပ်နယ် နတ်ရေကန် ဗျူဟာအနီး) တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တို့အကြား နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာနေရာသို့ စစ်ကူပို့နေပြီး အမြောက်စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ နေ၍ လက်နက်ကြီးများဖြင့်ပစ်ခတ်နေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

“လေကြောင်းကင်းထောက်မှုရှိတယ်။ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ကူနေတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့် ဇွန် ၂၇ ရက်နေ့က အမှတ်(၉၀၅) အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ် (မစခ-၉၀၅) နှင့် အမြောက်တပ်ရင်း ၄၀၉ တို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး၊ ဘုံဘောခမောက်တောင်ဘက်မှ နေ၍လည်း နတ်ရေကန်ဘက်သို့ လက်နက်ကြီး ပစ်ကူပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် မကွေးဘက်မှနေ၍ ကန်တုတ်စခန်းဘက်သို့ စစ်သုံးကားကြီး သုံးစီးအပြည့် အင်အားများကို ယမန်နေ့ ဇွန် ၂၈ရက်နေ့က ပို့ထားကြောင်း ဒေသခံများထံမှ သိရသည်။

နတ်ရေကန်အနီးတါင် ပြီးခဲ့သည့် ဇွန် ၂၅ရက်နေ့ကစတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အမြောက် လက်နက်ကြီးများနှင့် ဒရုန်းများသုံး၍ တိုက်ခိုက်နေခြင်းဖြစ်သည်။

ယခုဇွန်လ နောက်ဆုံးပတ်အတွင်း၌ နတ်ရေကန် ဆီဆိုင်တန်းမှ စစ်ကောင်စီ၏ ကာကင်းစခန်းအချို့ စခန်းစွန့်ခွာထွက်ပြေးမှုများရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ်ကို စစ်ကောင်စီက လူအပြောင်းအလဲများစွာလုပ်ထားပြီး မကြာသေးမီက တပ်မ (၉၉) တပ်မမှူးဖြစ်သူကို တာဝါတိုင်စခန်းကုန်း လက်လွှတ်ရမှု ၊ AAနှင့် ချိတ်ဆက်၍ လက်နက်ချရန်ကြံစည်မှုတို့ဖြင့် ရာထူးမှထုတ်ပယ်ပြီး နေပြည်တော်တွင် စစ်ကြောရေး ပြုလုပ်နေကြောင်း သိရသည်။

ဓာတ်ပုံ-အင်တာနက်

#ပဒါန်း #နတ်ရေကန်ဗျူဟာ #တိုက်ပွဲဖြစ် #စစ်ကောင်စီ #လက်နက်ကြီးပစ် #စစ်ကူပို့ #Ayeyarwaddy_Times