ဧရာဝတီတိုင်းမ်
(ရေကြည်)ဇွန် ၂၉ရက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့ရှိ စစ်ကောင်စီ၏ အမြောက်တပ် အမတ-၃၄၄ အနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအဖွဲ့များအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွား နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ဇွန်လ ၂၆ ရက်နေ့မှစ၍ ဒရုန်းများဖြင့် လေကြောင်းကင်းထောက်ကာ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး တိုက်ပွဲပြင်းထန်မှုကြောင့် အမြောက်တပ် ၃၄၄ အတွင်း အမြောက် ပြောင်းထောင်ကာ အနီးကပ်ပစ်ခတ်နေရသည့်အထိ ထွေးလုံးရစ်ပတ် အနေအထား ဖြစ်နေကြောင်း သိရသည်။

ထို့ပြင် ပန်းတောကြီးကျေးရွာဘက်သို့လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ဇွန်လ ၂၇ ရက် ညပိုင်းအထိ လေကြောင်းမှ လေးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အမြောက်တပ် ၃၄၄ အနီး တိုက်ပွဲပြင်းထန်နေပါတယ်။ ကျုံပျော်ကနေ စစ်ကူပို့တာတွေလည်း ပုသိမ်ဆေးရုံကိုချည်း ပြန်လွှဲနေရတယ်ကြားတယ်။ လေးမျက်နှာဘက်ကိုပါ အင်အားက မျှပို့နေရတဲ့ အနေအထားပါ” ဟု ရေကြည်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ရေနံ့သာလမ်းဆုံနှင့် လက်ပံရွာဘုန်းကြီးကျောင်းတို့တွင် အရာရှိအပါအဝင် ၁၅ ဦးခန့်စီကို အသင့်အနေအထားဖြင့် ချထားပြီး စက်စက်ယိုရွာနှင့် ကက္ကူကြီးဘက်သို့ ဖောကားနှစ်စီး အပြည့် စစ်ကူများ ပို့ဆောင်ထားကြောင်း သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်များက စာဥစမ်းဘက်မှနေ၍ အမြောက်တပ်ဘက်သို့ တိုးမြှင့်လာရာ ကျောက်ထုတ်လုပ်ရေးကွင်းဘက်တွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

အမြောက်တပ် ၃၄၄ အတွင်း စစ်ကောင်စီအင်အားမှာ ၈၀ ခန့်သာ ကျန်ရှိတော့သည့်အတွက် စစ်ကူများ အလျင်အမြန်ပို့ဆောင်နေရပြီး၊ ငသိုင်းချောင်းရှိ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များသည် ဗုံးသီးကို ရင်ဘတ်တွင်ချိတ်၍ ဟန်ရေးပြင်နေသည် ဟု ဒေသခံများက ဆိုသည်။

ယခုဇွန်လအတွင်း သဲနုကုန်း၊ စောပြာ၊ ကျားကိုက်ကွင်းရွာများကို တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီးနောက် စစ်ကောင်စီအနေဖြင့် ပုသိမ်-မုံရွာလမ်းပိုင်းကို ပြန်လည်စိုးမိုးနိုင်ရန် ထိုးစစ်ဆင်လာသည့်အတွက် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

#ရေကြည် #အမတ၃၄၄ #တိုက်ပွဲဖြစ် #စစ်ကူပို့ #Ayeyarwaddy_Times