
ဧရာဝတီတိုင်းမ်
ဇွန် ၂၈ ရက်
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့တွင် စစ်ကောင်စီခန့် ပြည်သူ့စစ်အဖွဲ့ဝင် အချင်းချင်း အုပ်စုဖွဲ့ ဓားထိုးမှုတစ်ခု ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ညောင်တုန်းမြို့အမှတ်(၆) ရပ်ကွက်တွင် ဇွန် ၂၅ရက် ည ၁၀နာရီခန့်က အုပ်စုဖွဲ့ ရိုက်နှက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်တွင် ပြည်သူ့စစ်အဖွဲ့ဝင် ကိုအောင်လွင်မှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သော်လည်း တရားခံများကို မြို့မရဲစခန်းက အရေးယူခြင်းမရှိဘဲ လွတ်လပ်စွာ သွားလာခွင့် ပြုထား၍ မြို့ခံများ၏ ဝေဖန်ပြောဆိုမှုများရှိနေကြောင်း သိရသည်။
“အရင်ကတည်းက ရန်ငြိုးရန်စရှိခဲ့ကြတာ၊ ဧည့်စာရင်းစစ်မယ် အကြောင်းပြပြီး အုပ်စုလိုက် ဝိုင်းရိုက်ကြတာ။ စကေဘာတို့ ဓားတို့နဲ့ထိုးခုတ်ကြတာ။ မျက်နှာလဲ ဓားနဲ့အခုတ်ခံရတယ်။ အခုလက်ရှိ မှာ မသက်သာဘူး” ဟု ညောင်တုန်းမြို့အမှတ် (၆) ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
အုပ်စုဖွဲ့ ရိုက်နှက် ဓားဖြင့်ထိုးခဲ့သည့် အဓိကပါဝင်သူများမှာ ပြည်သူ့စစ်အဖွဲ့ဝင်များဖြစ်ကြသည့် ဘိုလ်ချစ် (အမှတ် ၆ ရပ်ကွက်)၊ ဦးသန်စိုး (ညောင်တုန်း)၊ ဖိုးငို (ခေါ်) ဇော်မင်းအောင်၊ ရာဇာမင်း၊ စိန်ကုလား၊ ဝင်းဦး၊ နိုင်လင်း၊ ဗောဓိ (ခေါ်) အမည်ရင်းမသိ နှင့် အောင်ကိုမင်း (ရဲဝန်ထမ်းဟောင်း) တို့ဖြစ်ကြောင်း ဒေသခံများက ထုတ်ဖော်ပြောဆိုသည်။
ဓားဖြင့်အထိုးခံရသည့် ပြည်သူ့စစ်အဖွဲ့ဝင် ကိုအောင်လွင်မှာ ဒဏ်ရာများပြင်းထန်ပြီး သတိမရ၍ မအူပင်ခရိုင်ဆေးရုံမှ ရန်ကုန်မြို့ဆေးရုံကြီးသို့ သို့လွှဲပြောင်းထားရကြောင်း သိရသည်။
လက်ရှိတွင် ဓားထိုးခံရသည့် ကိုအောင်လွင်က တရားလိုပြုလုပ်ကာ တိုင်ကြားထားသော်လည်း ညောင်တုန်းမြို့မ ရဲစခန်းက အရေးယူဆောင်ရွက်ခြင်းမရှိဘဲ တရားခံများမှာ မြို့အတွင်းလွတ်လပ်စွာ သွားလာနေကြောင်း မြို့ခံများ၏ပြောကြားချက်အရသိရသည်။
ဓာတ်ပုံ-ဓားထိုးခံရသည့် ပြည်သူ့စစ်အဖွဲ့ဝင် ကိုအောင်လွင်
#ညောင်တုန်း #ပြည်သူ့စစ်အချင်းချင်း #အုပ်စုဖွဲ့ #ဓားထိုးမှုဖြစ်ပွား #Ayeyarwaddy_Times