ဧရာဝတီတိုင်းမ်
(မန္တလေး)၊ ဇွန် ၂၈ ရက်

မန္တလေးတိုင်း၊ မန္တလေးမြို့ရှိ အိုးဘိုအကျဉ်းထောင်တွင် ၂၀၂၅ ခုနှစ် နှစ်စမှ ခြောက်လတာကာလအတွင်း နိုင်ငံရေးအကျဉ်းသား ၅၆ ဦးသေဆုံးခဲ့ပြီး နိုင်ကျဉ်း သေဆုံးမှု‌‌အများဆုံး ထောင်တစ်ခုဖြစ်လာကြောင်း ယမန်နေ့ ဇွန် ၂၇ ရက်နေ့က မြန်မာ့အကျဉ်းထောင်သက်သေ(Myanmar Prison Witness) အဖွဲ့ကထုတ်ပြန်ခဲ့သည်။

သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများအနက် ၅၀ ဦးမှာ ပြင်းထန်စစ်ကိုင်းငလျင်အတွင်း အကျဉ်းထောင်တာဝန်ရှိသူများ၏ အားနည်းချက်ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကာ ကျန်ခြောက် ဦးမှာ ဆေးဝါးကုသခွင့်လုံလောက်စွာမရရှိခြင်းကြောင့် သေဆုံးခဲ့ရကြောင်း သိရသည်။

အိုးဘိုထောင်တွင် ယမန်နေ့ ၂၇ ရက်နေ့ကလည်း မန္တလေးတိုင်း လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦး(၆၉နှစ်) မှာ ပန်းနာရင်ကြပ်ရောဂါနှင့် နှလုံးအမောဖောက်ခြင်း‌များကြောင့် သေဆုံးခဲ့ရကြောင်း သိရသည်။

“အိုးဘိုထောင်ကနိုင်ကျဉ်းအများဆုံးသေဆုံးတဲ့ထောင်ဖြစ်နေပါတယ်။ ဆေးဝါးကုသမှုလုံလောက်စွာမရရှိတဲ့အတွက်ကြောင့် မကြာခနဆိုသလို နိုင်ကျဉ်းသေဆုံးခဲ့တာဖြစ်ပါတယ်။ အကျဉ်းထောင်ထဲမှာရှိတဲ့ ဆရာဝန်တွေ တာဝန်ခံတွေကိုယ်တိုင် ပေါ့လျော့ ပေါ့ဆတာပေါ့နော်။ အကျဉ်းသူ အကျဉ်းသားတွေထဲမှာ အရေးပေါ်လူနာဖြစ်လာပြီဆိုရင်တောင် ပြင်ပဆေးရုံကိုထွက်ပြီး ဆေးကုသခွင့်ရဖို့ကို အရမ်းကျန့်ကြာတယ်” ဟု MPW ဒု-ပြန်ကြားရေးတာဝန်ခံ မဆူးငယ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြင်ပဆေးရုံများတွင် ဆေးကုသခွင့်ရရှိရန် သက်ဆိုင်ရာအဆင့်ဆင့်သို့ အချိန်ကြာမြင့်စွာ တင်ပြရပြီး ထောင်တွင်း ဆေးဝါးသုံးစွဲခွင့်ကန့်သတ်ချက်များစွာလည်းရှိနေသည့်အတွက် နိုင်ငံရေးအကျဉ်းသားများမှာ မိမိတို့သက်ဆိုင်သည့် ရောဂါဝေဒနာများအတွက် မှန်ကန်သည့် ဆေးဝါးများ သုံးစွဲခွင့်မရရှိခြင်းများကြောင့် ရောဂါအခံရှိသူများနှင့် အသက်အရွယ်ကြီးရင့်နေသူများသေဆုံးမှုဖြစ်နေရကြောင်းလည်း သိရသည်။

ယခုကဲ့သို့ အိုးဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသား သေဆုံးရမှုဖြစ်စဉ်များတွင် အဓိက တာဝန်ရှိသူများမှာ ဆေးရုံကျဆရာဝန်များဖြစ်သည့်ဆေးရုံအုပ် ဦးမိုးဟိန်း၊ ဒေါက်တာ သက်ထွန်းဦး(ဦးစီးအဆင့်)၊ ဒေါက်တာနေလင်းအောင်(ဦးစီးအဆင့်) နှင့် ထောင်အာဏာပိုင်များဖြစ်သည့် ဦးသိန်းဇော်မောင်(ထောင်ပိုင်)၊ ဦးစန်းလွင်(ထောင်ပိုင်လေး) တို့ဖြစ်ကြောင်းလည်း Myanmar Prison Witness က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းကလည်း ထင်ရှားသည့် နိုင်ငံရေးသမားဖြစ်သည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်(၇၃ နှစ်) နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်(၇၄ နှစ်) တို့မှာ ဆေးဝါးကုသခွင့်လုံလောက်စွာ မရရှိသည့်အတွက် အိုးဘိုအကျဉ်းထောင်တွင် သေဆုံးခဲ့သည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#မန္တလေး #အိုးဘိုထောင် #စစ်ကောင်စီ #အကျဉ်းဦးစီး #နိုင်ငံရေးအကျဉ်းသား #သေဆုံး #ဆေးဝါးမလုံလောက် #Ayeyarwaddy_Times