ဧရာဝတီတိုင်းမ်
ဇွန် ၂၈ ရက်

မုတ်သုံလေအားကောင်းမှုနှင့်လေပွေလှိုင်းများကြောင့် မိုးဆက်နေကာ ဇွန် ၂၈မှ ဇူလိုင် ၄ ရက်နေ့အထိ တိုင်းနှင့်ပြည်နယ်များတွင် နေရာကွက်၍မိုးကြီးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ယနေ့ညနေပိုင်းထုတ်ပြန်သည်။

မိုးလယ်ကာလသည် ဇူလိုင် ၁ ရက်မှ ဩဂုတ် ၃၁ ရက်နေ့ထိဖြစ်ပြီး ယင်းကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း‌ လေးကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ နှစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်းပါဝင်သည်။

မန္တလေးတိုင်း၊ မကွေးတိုင်း၊စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် ကရင်နီ (ကယား)ပြည်နယ်တို့တွင် နေရာကျဲကျဲမိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသနှင့် မြစ်ငယ်ချောင်းငယ်များအနီး နေထိုင်သူများ သတိထားရန်လိုအပ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများကျရောက်ပြီး ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်‌ကြောင်း၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၁ ပေမှ ၁၃ ပေခန့် ရှိနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ- ဧရာဝတီတိုင်းမ်
#လာမည့်တစ်ပတ်မိုးကြီးမည် #တိုင်းနှင့်ပြည်နယ်
#Ayeyarwaddy_Times