
ဧရာဝတီတိုင်းမ်
ဇွန် ၂၈ ရက်
စစ်တပ်အာဏာသိမ်းထားချိန်တွင် မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်မှု ပိုမိုများပြားလာနေရာ ယခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့တွင် အမေရိကန်ဒေါ်လာ၂၉၈ သန်း တန်ကြေးရှိ မူးယစ်ဆေးဝါးမျိုးစုံမီးရှို့ဖျက်ဆီးကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
ရန်ကုန်၊ မန္တလေးတိုင်းအပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ တမူး၊ ကသာနှင့် ရွှေဘိုမြို့တို့တွင် ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြား၊ အိုက်စ်(ICE)၊ စိတ်ပြောင်းဆေးဝါး ( Happy Water)၊ ဘိန်းစာမှုန့်၊ ဆေးခြောက် နှင့် ကတ်တမင်း (K)အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၆၆ မျိုးကို ဇွန်လ ၂၆ ရက်နေ့က မီးရှို့ဖျက်ဆီးကြောင်း စစ်ကောင်စီက ဖော်ပြထားသည်။
လက်ရှိတွင်မြို့ကြီးများရှိ ကာရာအိုကေဆိုင်များ၊ Bar များတွင် လူငယ်များ စိတ်ပြောင်းဆေးဝါး ( Happy Water ) သုံးစွဲမှု WY ဆေးပြားသောက်သုံးမှုများလာကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။
“ ဆေးသုံးတဲ့သူတွေများလာတယ် အခု K (ကတ်တမင်း)၊ Happy Water၊ Mushroom (မှို) အစုံပဲ ။ Hi (High)ခန်းတွေ အဲဒီအခန်းမှာ စုပြီးသုံးကြတယ်။ နောက် Hi ခန်းက အခန်းအပူချိန်အတိုင်းပဲ ထားရတယ်။ ပူနေရင်ပိုကောင်းတယ်။ အဲဒီမှာ K သုံးကြတယ်။ အမှုန့်ကိုရှူရတာ အမှုန့်ဆိုတော့ အေးရင်ခဲသွားတယ်။ အဲဒါမလို့အခန်းထဲ ပူနေမှကောင်းတယ်။ နောက်ပြီးအများနဲ့စုသုံးရတော့ HIV ပိုးကူးစက်တာတွေများလာတယ်” ဟု ရန်ကုန်ရှိ စားသောက်ဆိုင်တစ်ခုမှဝန်ထမ်း အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်တွင် KTV တစ်ခုတွင် Happy Water သောက်သုံးသူ ဆယ်ကျော်သက်မိန်းကလေး လေးဦးတွင် တစ်ဦးသေဆုံးခဲ့ပြီး သုံးဦးဆေးရုံတက်ကာ ဆေးကုသမှုခံယူရ ကြောင်းသိရသည်။
မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဖမ်းဆီးမှုတွင် ၂၀၂၃ ခုနှစ်၌ အမေရိကန် ဒေါ်လာ ၅၀၃ ဒသမ ၆၉၆ သန်း၊ ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၄၉ သန်း တန်ကြေး ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
ဓာတ်ပုံ – စစ်ကောင်စီ
#မူးယစ်ဆေးဝါး #ကန်ဒေါ်လာ၂၉၈သန်း #မီးရှို့ဖျက်ဆီး #စစ်ကောင်စီ #လူငယ်များ #မူးယစ်ဆေးသုံးစွဲမှုများ #Ayeyarwaddy_Times