ဧရာဝတီတိုင်းမ်
(တီးတိန်)၊ ဇွန် ၂၈ ရက်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကလေး-သိုင်းငင်း ကားလမ်းပေါ်ရှိ မွှာလ်ပီကျေးရွာတွင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ရှေ့တန်းစစ်ရေး သတင်းရင်းမြစ်ထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့တွင် ကလေးမြို့မှ ကလေး-သိုင်းငင်း လမ်းမအတိုင်း တီးတိန်မြို့နယ်သို့ တက်လာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့ ယခုရက်ပိုင်းတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သည်။

“ကလေး-သိုင်းငင်း ကားလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက တပ်အင်အားတွေ ဖြည့်တင်း ထားပြီး စစ်ကြောင်းထိုးဖို့ စတင်လာလို့ ဒီရက်ပိုင်း တိုက်ပွဲပြန်ဖြစ်တာပါ”ဟု ရှေ့တန်းစစ်ရေးသတင်း ရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ တိုက်ပွဲတွင်း ချင်းကာကွယ်ရေးပူးပေါင်းတပ်မှ ရဲဘော်တချို့ ထိခိုက်ကျဆုံးရှိခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှုများကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြာင်း သိရသည်။

“စစ်ကောင်စီဘက်က အထိနာများပြီး တပ်အနည်းငယ် ပြန်လည်ဆုတ်ခွာသွားတာရှိပါတယ်။ အခုအခြေအနေကတော့ ကျွန်တော်တို့ဘက်ကနေ ပြန်လည်ထိုးစစ်ဆင်နေတဲ့ သဘောပါ။ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာတွေ ရှိပါတယ်။ အသေးစိတ်ကို မကြာခင် ထုတ်ပြန်ဖို့ရှိပါတယ်”ဟု ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

MA 3 သေနတ် ၁၅ လက် ထက်မနည်း ရရှိထားပြီး စနှိုက်ဘာ၊ လက်ပစ်ဗုံး၊ ကျည်မျိုးစုံ၊ မိုင်းမျိုးစုံနှင့် အီနာဂါဗုံးသီးတို့လည်း သိမ်းဆည်းရမိထားကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲအတွင်း အထိနာနေ၍ ကလေးမြို့ရှိ မြောက်တပ်ရင်းမှ တိုက်ပွဲ ဖြစ်ပွားသည့် နေရာများကို လက်နက်ကြီးကျည်များ အဆက်မပြတ်ပစ်ခတ်ပေးနေကြောင်း ရှေ့တန်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

အဆိုပါ တိုက်ပွဲကို ချင်းပြည်အစိုးရ (CC)အဖွဲ့ဝင်၊ ချင်းညီနောင်(CB)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- ပေးပို့
ပုံစာ- သိမ်းဆည်းရမိသည့်လက်နက်ခဲယမ်းများကို တွေ့ရစဥ်။
#ကလေးသိုင်းငင်းကားလမ်းပေါ် #တိုက်ပွဲပြင်းထန် #စစ်ကောင်စီတပ် #လက်နက်ခဲယမ်းများ #သိမ်းဆည်းရမိ #Ayeyarwaddy_Times