ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၂၈ ရက်

တနင်္သာရီတိုင်း ၊ထားဝယ်ခရိုင် ၊သရက်ချောင်းမြို့နယ် ၊ မင်းဒပ်ရွာဘုန်းကြီးကျောင်း မှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့ပြီး ခဲယမ်းနှင့် စစ်အသုံးဆောင်ပစ္စည်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း KNU တပ်မဟာ (၄) ထံမှသိရသည်။

သရက်ချောင်းမြို့နယ် ၊မင်းဒပ်ရွာ ဘုန်းကြီးကျောင်းတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ကို ပြီးခဲ့သည့် ဇွန် ၂၆ ရက် နေ့လယ် ၁ နာရီခန့်တွင် တော်လှန်ရေး ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လက်နက်တွေတော့ မရလိုက်ပါဘူး။ သူတို့ ကျန်ရှိတဲ့ (စစ်ကောင်စီ) တပ်သားတွေ ထွက်ပြေးသွားတော့ ယူသွားကြတယ်။ခဲယမ်း နဲ့ စစ်အသုံးဆောင်ပစ္စည်းတစ်ချို့ကို ကျွန်တော်တို့သိမ်းဆည်းရမိခဲ့တယ်” ဟု KNU မြိတ် – ထားဝယ်ခရိုင် မှ ပဒိုစောအယ်နား က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့ပြီး ခဲယမ်း နှင့် စစ်အသုံးဆောင်ပစ္စည်း အချို့ကိုလည်း သိမ်ဆည်းရမိခဲ့ကြောင်းသိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ခွဲ(၂)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့သည် ဇွန် ၂၆ ရက် ညနေ ၃ နာရီခန့်တွင် မင်းဒပ်ရွာကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မင်းဒပ်ရွာတွင် တပ်စွဲ ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်းဝတပ်စခန်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း အဆိုပါ တပ်ရင်းထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်ရင်း (၁၂) လက်အောက်ခံ တပ်ခွဲ (၂) နှင့် မဟာမိတ် ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်များ ဘက်မှ အထိအခိုက်မရှိဆုတ်ခွာလာနိုင်ခဲ့ကြောင်းသိရသည်။

ပုံစာ − KNLAတပ်ခွဲ(၂)မှ သိမ်းပိုက်ရရှိသော စစ်ကောင်စီတပ်ကစစ်သုံးပစ္စည်းများ နှင့် တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော်များကိုတွေ့ရစဥ်။
#သရက်ချောင်းမြို့နယ် #မင်းဒပ်ရွာဘုန်းကြီးကျောင်း #တပ်စွဲစစ်ကောင်စီတပ် #တိုက်ခိုက်ခံရ #၅ဦးသေဆုံး #Ayeyarwaddy_Times