
ဧရာ၀တီတိုင်းမ်
(ရန်ကုန်) ဇွန် ၂၈ ရက်
စစ်ကောင်စီလက်အောက်ခံ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ပြည်ပသင်္ဘောလိုက် လိုသည့် သင်္ဘောသားအသစ်များအတွက် မှတ်ပုံတင်ထုတ်ပေးရာတွင် အသက် ၂၅ နှစ်မကျော်လွန် သူများကိုသာ ထုတ်ပေးမည်ဟု ဇွန် ၂၆ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ယင်းဆုံးဖြတ်ချက်သည် ပြည်ပသို့ ရောက်ရှိချိန်တွင် မြန်မာသင်္ဘောသားများ “jump ship” (စာချုပ် မပြည့်ခင် သင်္ဘောမှဆင်း၍ အခြားနိုင်ငံတွင် နေထိုင်ခြင်း) ပြုလုပ်မှုများလာခြင်းကြောင့်ဟု စစ်ကောင်စီက အကြောင်းပြထားသည်။
အဆိုပါ ကန့်သတ်ချက်သည် ဇူလိုင် ၁ ရက်နေ့ နောက်ပိုင်း သင်္ဘောသားမှတ်ပုံတင်နှင့် လုပ်သက်မှတ် တမ်းစာအုပ် (SIRB) လျှောက်လွှာထုတ်ယူသူများနှင့် စတင်သက်ဆိုင်မည်ဖြစ်ကြောင်း သိရသည်။
“အသက် ၂၅ နှစ်အောက်တွေဆို သင်္ဘောလိုက်လို့ရမယ်။ တကယ်အလုပ်လုပ်နိုင်တဲ့အရွယ် ၂၅ အထက် လူသစ်တွေဆိုမရဘူးလို့ ကြားနေတယ်။ လူဟောင်းတွေကတော့ သွားနေတုန်းပဲ။ သင်္ဘောသား တွေက သူတို့ (စစ်ကောင်စီ) ကို ဒေါ်လာရှာပေးနေတာလေ” ဟု သင်္ဘောကုမ္ပဏီတစ်ခု၏ ဝန်ထမ်း အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ အဆိုပါ ကန့်သတ်ချက်ကြောင့် အသက် ၂၅ နှစ်အထက် လူငယ်များ၏ သင်္ဘောသား ဖြစ်ခွင့်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးသွားမည်ဖြစ်သည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်မူ နိုင်ငံတကာဈေးကွက်၌ သင်္ဘောပိုင်ရှင်ကုမ္ပဏီများက ကျန်းမာ ငယ်ရွယ်သည့် သင်္ဘောသားများကိုသာ အသက်ကန့်သတ် ခေါ်ယူအသုံးပြုလေ့ရှိကြောင်းနှင့် မြန်မာ သင်္ဘောသားများ “jump ship” လုပ်ခြင်းကြောင့် ယုံကြည်မှုလျော့ကျကာ အလုပ်အကိုင်အခွင့် အလမ်းများ ထိခိုက်စေကြောင်း ဖော်ပြထားသည်။
“သူတို့(စစ်ကောင်စီ)ကသာ jump ship လုပ်လို့ ယုံကြည်မှုလျော့တယ် ပြောတာ။ မြန်မာသင်္ဘောသား တွေ jump ship လုပ်တယ်လို့ မကြားဘူး။ မြင်လည်းမမြင်ဘူး။ စာချုပ်စာတမ်းနဲ့ အကုန်ချုပ်ထားတာ။ အာမခံကြေးလည်း သိန်း ၁၀၀ ပေးထားရတာ ” ဟု ပြည်ပသင်္ဘောသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
၂၀၂၁ ခုနှစ် နိုဝင်ဘာအတွင်းက အသက် ၂၇ နှစ်အရွယ် မြန်မာအမျိုးသားသင်္ဘောသားတစ်ဦးသည် နယူးဇီလန်ပင်လယ်ပြင်တွင် သင်္ဘောပေါ်မှ ခုန်ချကာ ခိုလှုံခွင့်တောင်းခံခဲ့သည့် ဖြစ်စဉ်တစ်ခု ရှိခဲ့ဖူး သော်လည်း မြန်မာနိုင်ငံသားများတွင် “jump ship” လုပ်သူ မရှိသလောက် လွန်စွာနည်းပါးကြောင်း သိရသည်။
အဆိုပါ သင်္ဘောသားသည် စာချုပ်သက်တမ်းပြည့်၍ နှစ်လအတွင်း မြန်မာနိုင်ငံသို့ ပြန်ရန်စီစဉ် ထားသော်လည်း မိသားစုဝင်များ ပုန်းအောင်နေထိုင်ရသဖြင့် အိမ်ပြန်ပါက အသက်အန္တရာယ်ရှိနိုင် သောကြောင့် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရေထဲတွင် ၂၄ နာရီကြာ မျောနေပြီးနောက် ကယ်တင်ခြင်းခံခဲ့ရကြောင်း သိရသည်။
သင်္ဘောသားအသစ် မှတ်ပုံတင်လျှောက်ထားရာတွင် Pre-sea (DR/ER), Saloon သင်တန်းဆင်းများ၊ Workshop Skill (EC (other), T/ETO, T/ETR) သင်တန်းဆင်းများ၊ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်နှင့် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်မှ ကျောင်းဆင်းများအပြင် အပျော်စီးသင်္ဘောများတွင် တာဝန်ထမ်းဆောင်ရန် လူတွေ့စစ်ဆေးပြီးသူများ ပါဝင်မည်ဖြစ်သည်။
ထို့ပြင် Maritime English Proficiency Test (MEPT) အောင်မြင်ပြီးသူများ၊ ပင်လယ်ပြင် လုပ်သက်ရရှိပြီး SIRB စာအုပ်ထုတ်ပေးရန် လျှောက်ထားသူများ (LCT Service နှင့် တပ်မတော် (ရေ) အငြိမ်းစားများ) ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း လူငယ်များကို အဓမ္မ စစ်သားစုဆောင်းမှုများ ပြုလုပ်လာသဖြင့် ပြည်ပထွက်ခွာလိုသည့် လူငယ်များ ပိုမိုများပြားလာခဲ့သည်။
စစ်ကောင်စီက ယခုအခါတွင် စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၄) အထိ ဖွင့်လှစ်ထားပြီး နိုင်ငံခြားထွက်ခွာသူများကို အသက်ကန့်သတ်ထိန်းချုပ်ကာ ထွက်ခွာခွင့်မပေးခြင်းဖြစ်ကြောင်းလည်း သုံးသပ်မှုများရှိနေသည်။
ဓာတ်ပုံ-ဧရာ၀တီတိုင်းမ်၊ လူမှုကွန်ရက်
#သင်္ဘောသားမှတ်ပုံတင်လျှောက်ထားမှု #စစ်ကောင်စီကန့်သတ် #အသက်၂နှစ်အောက် #ထုတ်ပေး #Jum_Ship #Ayeyarwaddy_Times