ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ဇွန် ၂၈ ရက်

တနင်္သာရီတိုင်း ၊ ပုလောမြို့နယ် ၊ကျောက္ကာကျေး မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး စခန်းကိုဝင်ရောက်တိုက်ခိုက်ရာ ပျူစောထီး သုံးဦးသေဆုံးပြီး လက်နက် ငါးလက် နှင့် ခဲယမ်းများသိမ်းဆည်းရမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း ထံမှသိရသည်။

တော်လှန်ရေး ပူးပေါင်းတပ်များသည် ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာတွင်အထိုင်ချတပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံ ပျူစောထီး၁၀ ဦးဝန်းကျင်ခန့်တပ်စွဲနေထိုင်သည့် စခန်းကို ဇွန် ၂၇ ရက် နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

“အဲဒီ စခန်း က ပျူစောထီး ၁၀ ဦးဝန်းကျင်တပ်စွဲပြီးနေထိုင်ကြတာ။ ရွာခံပျူစောထီး သီးသန့်နေတာပါ။ အဲ့ဒီပျူစောထီးစခန်းက အာဏာမသိမ်းခင်ကတည်းက ရှိနေတာ။ ကျွန်တော်တို့ဝင်တိုက်တော့ သူတို့ ပျူစောထီးတွေအထိနာပြီး စခန်းကိုစွန့်ခွာထွက်ပြေးသွားကြတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုး က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယင်းတိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ် ခန့်ကြာမြင့်ခဲ့ပြီး ပျူစောထီး သုံးဦး သေဆုံးကာ M16A1 ရိုင်ဖယ် လေး လက်၊ကျည်ဘောက် နှစ် ခု၊ AK-47 ရိုင်ဖယ် တစ် လက်၊ ကျည်ဘောက် လေး ခု၊ ၅.၅၆ ကျည် ၁ဝဝဝ တောင့်၊ ၇.၆၂ ကျည် ၁၃၈ တောင့်၊ လက်ပစ်ဗုံး နှစ် လုံး နှင့် အခြား စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် အမှတ်(၁) တပ်ရင်း ၊ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း-၇ မဟာမိတ်တပ်များမှ ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်များဘက်မှအထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။

ပုံစာ-ပျူစောထီးစခန်းကို စီးနင်းတိုက်ခိုက်ပြီးနောက် တွေ့ရသော တော်လှန်ရေးပူးပေါင်းတပ်များ နှင့် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။

#ပုလောမြို့ #အထိုင်ချတပ်စွဲ #ပျူစောထီးစခန်း #တော်လှန်ရေးပူးပေါင်းတပ်များ #ဝင်ရောက်တိုက်ခိုက် #ပျူစောထီးသေဆုံး #Ayeyarwaddy_Times