ဧရာဝတီတိုင်းမ်
(မင်းလှ)၊ ဇွန် ၂၈ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် လှည့်လည်စစ်ကြောင်းထိုး နေသည့်စစ်ကောင်စီတပ်ဖွဲ့မှာ ၎င်းတို့လူသားဒိုင်းအဖြစ်ဖမ်းဆီးခဲ့သည့် ငလှစမ်းရွာမှ ဒေသခံ ၁၄ ဦးအနက် တစ်ဦးကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များမှာ ပြီးခဲ့သည့် ဇွန် ၂၃ ရက်နေ့တွင် ငလှစမ်းရွာမှ ဒေသခံ ၁၄ ဦးကိုဖမ်းဆီးခဲ့ပြီး ကိုသန်းဇော်ဝင်းဆိုသူကို သတ်ဖြတ်ခဲ့ကာ ၎င်း၏ရုပ်အလောင်းကို ဒေသခံများက ဇွန် ၂၅ ရက်နေ့တွင် တွေ့ရှိခဲ့ရသည်။

စစ်ကောင်စီတပ်ဖွဲ့များမှာ မင်းလှမြို့နယ်အတွင်း အင်အားများခွဲကာ ကျေးရွာများကို စစ်ကြောင်းထိုးမီးရှို့ခြင်းများပြုလုပ်နေခြင်းဖြစ်ကာ လက်ရှိတွင် အဆိုပါတပ်ဖွဲ့ဝင်များအနက် အင်အား ၂၀၀ ကျော်မှာ တိုက်ပွဲများပြင်းထန်နေသည့် ပဲခူးရိုးမအရှေ့ခြမ်းဖြစ်သည့် စစ်တောင်းမြစ်ဝှမ်းဒေသသို့ စစ်ကူထွက်ခွာသွားကြောင်းသိရသည်။

“သတ်ခံရတဲ့သူက စိတ်ဝေဒနာသည်လို့သိရတယ်။ ငလှစမ်းရွာထဲကပဲ ဗုံးခိုကျင်းတစ်ခုမှာ လက်ပြန်ကြိုးတုပ်ပြီးသတ်ခံထားရတယ်။ စစ်တပ်ဘက်ကတော့ PDF တစ်ယောက်ကိုသူတို့သတ်သွားတယ်လို့ သတင်းလွှင့်သွားကြတယ်။ စမ်းဘုတ်ရွာဘက်ကို မီးရှို့တဲ့ စစ်ကြောင်းကတော့ ရိုးမအရှေ့ခြမ်းကို စစ်ကူသွားကြပြီလို့ကြားတယ်” ဟုမင်းလှအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များမှာ မင်းလှမြို့နယ်အတွင်း ပြီးခဲ့သည့် ဇွန်လ တတိယအပါတ်မှစတင်ကာ အင်အား ၄၀၀ ဝန်းကျင်ဖြင့်စစ်ကြောင်းထိုးလာခြင်းဖြစ်ကာ တောင်ပြတ်၊ ရွေးကုန်း၊ ဦးတိုကျွဲလမ်းစု၊ ဗိုလ်တထောင်၊ ဆားချောင်း၊ ဆင်အိုင်ချောင်းပေါက်၊ ဂန့်ဂေါ်ပင်၊ ငလှစမ်း၊ စမ်းဘုတ်၊ ခွက်မ နှင့် ကျွဲမကိုင်းရွာတို့ကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ၂၄ ရက်နေ့က စမ်းဘုတ်ရွာကိုမီးရှို့ နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေ သူတို့ဘက်ကပဲ ရမ်းပစ်လိုက်တဲ့ လက်နက်ကြီးထိပြီး ငါး ယောက် သေသွားတယ်လို့ကြားတယ်။ အတည်တော့မပြုနိုင်သေးဘူး” ဟု အဆိုပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်လက် ပြောသည်။

မင်းလှတွင် စစ်ကောင်စီတပ်ဖွဲ့များ နှင့် တော်လှန်ရေးပူး ပေါင်းတပ်များမှာ ပြီးခဲ့သည့် ဇွန် ၁၆ ရက်နေ့ စစ်ကွင်းတာဆုံဂိတ် တိုက်ပွဲအတွင်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဒုဗိုလ်မှူးကြီးအပါအဝင်သေဆုံးသူအများအပြားရှိခဲ့ပြီးနောက် စစ်ကောင်စီမှ အင်အားအလွန်အကျွံဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#မင်းလှ #စစ်ကောင်စီ #စစ်ကြောင်းထိုး #မီးရှို့ #‌အရပ်သားသတ်ဖြတ် #Ayeyarwaddy_Times