ဧရာဝတီတိုင်းမ်
ဇွန် ၂၇ ရက်

ဗန်းမော်တိုက်ပွဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရန် ဒရုန်းနှင့် ကင်းထောက်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီက အပစ်ရပ်စဲကြောင်း ထုတ်ပြန်ပြီးနောက် ဗန်းမော်တိုက်ပွဲမှာ အနည်းငယ်ငြိမ်သက်သွားပြီး ဒရုန်းများဖြင့် နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုရှိနေကြောင်း သိရသည်။

“ရဟတ်ယာဉ်နှစ်စင်း တိုက်ခိုက်ခံရမှုအပြီး စစ်တပ််ရဲ့ နည်းဗျူဟာက လျင်မြန်မှုထက် လုံခြုံမှုကိုအသား ပေးလာတဲ့ အနေအထားရှိနေတယ်လို့ သုံးသပ်ရပါတယ်”ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို သုံးသပ်ပြောဆိုထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျေးရွာနှစ်ရွာတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် ထိတွေ့တိုက်ပွဲအနည်းငယ်ရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီက အင်အားဖြည့်တင်းရန် ဒဏ်ရာရလူနာများကို မိုးညှင်းမြို့နယ် ဟိုပင် ခလရ ၄၀ တွင် ပို့ထားပြီး အင်အားထပ်မံစုဖွဲ့ထားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

အင်အားဖြည့်အဖွဲ့များကို မြစ်ကြီးနားမှ ရဟတ်ယာဉ်ဖြင့်ပို့‌ဆောင်ပါက ရဟတ်ယာဥ်ပျံသန်းသည့်ခရီးစဉ် သတင်းပေါက်ကြားနိုင်သည့်အတွက် ဟိုပင် ခလရ ၄၀ မှ ဗန်းမော်သို့ ပို့ဆောင်မည့်အစီအစဉ်များပြုလုပ်ထားကြောင်းလည်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

စစ်ကောင်စီက ကချင်ပြည်နယ်အတွင်း မြစ်ရေကြီးနေသည့်အခြေအနေကို အခွင့်ကောင်းယူကာ တပ်ပြောင်းတပ်ရွှေ့များနှင့် စစ်ကြောင်းထိုးမှုများရှိသလို Y 8 ၊ Y 12 လေယာဉ်တို့ဖြင့် လက်နက်ခဲယမ်းများ ဖြည့်တင်းလျက်ရှိသည်ဟု Banmaw Scout Team ထံက သိရသည်။

ပြီးခဲ့သည့် ဇွန် ၁၅ ရက်နေ့က ဗန်းမော်တစ်ဖက်ကမ်း စင့်ကင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု၊ ဒရုန်းနှင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် အရပ်သားပြည်သူနှစ်ဦးသေဆုံးခဲ့သည်။

#ကချင် #ဗန်းမော် #ဒရုန်း #ကင်းထောက် #စစ်ကောင်စီတပ်သား #မိုးညှင်း #စုဖွဲ့ #Ayeyarwaddy_Times