ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၂၇ ရက်

တနင်္သာရီတိုင်း ၊ လောင်းလုံးမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီ တပ်သည် ကညုံကျွန်းရွာမှ ဒေသခံအမျိုးသားတစ်ဦးကို လည်လှီးသတ်ဖြတ်ပြီး နေအိမ်နှစ်လုံး နှင့် ဆိုင်ကယ်ငါးစီးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများနှင့် ထားဝယ်ခရိုင် ဒီမိုကရေစီ အရေးလှုပ်ရှားမှု သပိတ်ကော်မတီထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်သည် ပြီးခဲ့သည့် ဇွန် ၁၄ ရက်တွင် လောင်းလုံးမြို့ပေါ်မှတစ်ဆင့် ကညုံကျွန်းကျေးရွာသို့ စစ်ကြောင်းထိုးလာခဲ့ပြီး ဇွန်လ ၂၄ ရက်နေ့တွင် လောင်းလုံးမြို့ပေါ်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကညုံကျွန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် နေ့မှစ၍ လမ်းတလျှောက် ကျေးရွာများနှင့် ကညုံကျွန်းရွာမှ ဒေသခံစုစုပေါင်း ၁၀၀ ခန့်ကို ဖမ်းဆီးခဲ့သည်။

ထိုသို့ ဖမ်းဆီးခံရသူအများစုကို စစ်ကြောင်းပြန်ထွက်ချိန်တွင် လွှတ်ပေးခဲ့ပြီး ၎င်းတို့ အနက်မှ အသက် (၄၆) နှစ်အရွယ်ရှိ ကညုံကျွန်းရွာဒေသခံ ဦးမျိုးဇော်အောင်(ခ) ဦးမျိုးကြံအောင်ကို စစ်ကောင်စီတပ်က လည်လှီးသတ်ဖြတ်ခဲ့ကြောင်းသိရသည်။

“လည်လှီး ခံရတဲ့သူက စိတ်ကျန်းမာရေးချို့တဲ့ သူပေါ့။ သူက သာမန်အရပ်သားဖြစ်ပြီးဘာမှကို မသိ တဲ့သူပါ။ သူက စစ်ကြောင်းဝင်တဲ့ နေကတည်းကနေ စစ်ကြောင်းပြန်ထွက်တဲ့ နေ့အထိ ပါသွားတာပါ။ သူ့လည်ပင်း ပြတ်ရှဒဏ်ရာက ၆ လက်မ ၇ လက်မလောက်ရှိတယ်။ အထဲထိ လှီးထားတော့ နက်လည်း နက်တယ်။ ရုပ်အလောင်းကို စစ်ကြောင်း ပြန်ထွက်တဲ့နေ့ စစ်ပြဲရွာနှင့် လောင်းလုံးမြို့ကြား ဆီအုန်းခြံ အတွင်းမှာစွန့်ပစ်ခဲ့တာပါ။ ဇွန် ၂၆ ရက်နေ့ မှာ အလောင်းပြန်ရတယ်” ဟု ထားဝယ်ခရိုင် ဒီမိုကရေစီ အရေးလှုပ်ရှားမှုသပိတ်ကော်မတီ မှ ပြန်ကြားရေးတာဝန်ခံ ကိုဘွန်း က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ကညုံကျွန်းရွာတွင် တပ်စွဲနေထိုင်စဥ်အတွင်း နေအိမ်အချို့ နှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး တန်ဖိုးကြီး ပစ္စည်းများကိုလည်း ဖောက်ထွင်းခိုးယူသွားကြောင်း သိရသည်။

“ရွာထဲမှာ တစ်ရွာလုံးကို အင်အားဖြန့်ကြဲပြီး တပ်စွဲခဲ့တယ်။ လက်ရှိ ကျွန်တော်တို့ ရွာထဲဝင်ပြီး ခဏ ပတ်ကြည့်တာ နေအိမ် နှစ်လုံး နဲ့ ဆိုင်ကယ် ငါးစီးကို မီးရှို့ထားတာတွေ့တယ်။ တစ်ရွာ လုံးဆိုရင် ဒီထက်လည်းများနိုင်တယ်။ ပြီးတော့ ရွာထဲက နေအိမ်ရာချီကိုလည်း ဖောက်ထွင်းဝင်ရောက်ပြီး တန်ဖိုးကြီးပစ္စည်းတွေ ယူဆောင်သွားတယ်”ဟု ပြန်ကြားရေးတာဝန်ခံ ကိုဘွန်းက ဆက်လက် ပြောကြားသည်။

စစ်ကောင်စီစစ်ကြောင်းသည် လောင်းလုံးမြို့ပေါ် သို့ ပြန်လည်ဆုတ်ခွာသွားသော်လည်း ကညုံကျွန်း အရှေ့ဘက် ထားဝယ်မြစ်တွင် စစ်သင်္ဘောရှိသေးပြီး လက်နက်ကြီး နဲ့ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်နေ သောကြောင့် ယနေ့ ဇွန် ၂၇ ရက်နေ့ အထိ ဒေသခံများ နေရပ်မပြန် နိုင်သေးဘဲ စစ်ဘေးရှောင်နေ ရကြောင်း ဒေသခံများထံမှသိရသည်။

ပုံစာ – သတ်ဖြတ်ခံရသည့် ဦးမျိုးဇော်အောင်နှင့် မီးရှို့ ဖျက်ဆီးပြီး ခိုးယူခံခဲ့ရသည့် နေအိမ်များ။
#လောင်းလုံး #စစ်ကြောင်းထိုး #စစ်ကောင်စီတပ် #ဒေသခံဖမ်းဆီးသတ်ဖြတ် #မီးရှို့ဖျက်ဆီး #Ayeyarwaddy_Times