
ဧရာဝတီတိုင်းမ်
ဇွန် ၂၇ ရက်
ယနေ့ ဇွန် ၂၇ ရက်၊ သောကြာနေ့တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ထပ်မံမြင့်တက်လာရာ အောက်တိန်းနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ရောက်ရှိသွားကြောင်း သိရသည်။
စစ်ကောင်စီက ပြီးခဲ့သည့် ဇွန် ၂၃ ရက် တနင်္လာနေ့တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိကြောင်း ထုတ်ပြန်ခဲ့ပြီး ၅ ရက်အကြာတွင် တစ်လီတာလျှင် ကျပ် ၁၈၀ မှ ၂၈၅ ကျပ်အထိ ဈေးတက်လာခြင်းဖြစ်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ (SPTSC) ထံမှ သိရသည်။
ယခင်ဈေးနှုန်းများထက် ယခုတစ်ပတ်တွင် အောက်တိန်း (92) တစ်လီတာလျှင် ကျပ် ၃,၁၄၀ (ယခင်ထက် ကျပ် ၁၈၀ ဈေးတက်)၊ အောက်တိန်း (95) တစ်လီတာလျှင် ကျပ် ၃,၂၁၀ (ယခင်ထက် ကျပ် ၁၈၀ ဈေးတက်)၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ကျပ် ၂,၇၃၀ (ယခင်ထက် ကျပ် ၂၃၀ ဈေးတက်) နှင့် ဒီဇယ် တစ်လီတာလျှင် ကျပ် ၃,၃၈၅ (ယခင်ထက် ကျပ် ၂၈၅ ဈေးတက်) အထိ မြင့်တက်သွားကြောင်း သိရသည်။
ဇွန် ၂၃ ရက်နေ့u ထုတ်ပြန်ခဲ့သော စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ပြည်ပမှ စက်သုံးဆီတင် သင်္ဘောများ အဆက်မပြတ် ဝင်ရောက်နေပြီး အရန်ဆီများလည်း ရက်သတ္တပတ် နှစ်ပတ်(၁၄ရက်)စာခန့် သိုလှောင်ထားသဖြင့် ပြည်တွင်းစက်သုံးဆီ ဖူလုံမှုရှိကြောင်း ဖော်ပြခဲ့သည်။
၎င်းထုတ်ပြန်ချက်တွင် ကမ္ဘာ့ရေနံဈေး မြင့်တက်မှုကြောင့် အာရှ-ပစိဖိတ်ဒေသအတွင်း စက်သုံးဆီဈေး မြင့်တက်လာမှုနှင့်အတူ ပြည်တွင်းစက်သုံးဆီများ မြင့်တက်လာသော်လည်း ပြီးခဲ့သည့် နှစ်ဆန်းပိုင်းက ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းများထက် တစ်လီတာကို ကျပ် ၁၀၀ မှ ၁၅၀ အထိ သက်သာလျော့နည်း ကြောင်းလည်း ဖော်ပြထားသည်။
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်သည် ဇွန် ၂၃ ရက်နေ့က နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
#စက်သုံးဆီဈေးတက် #အောက်တိန်း #ဒီဇယ် #တစ်လီတာ #ကျပ်၃၀၀၀ကျော် #Ayeyarwaddy_Times