(တီးတိန်)၊ဧရာဝတီတိုင်းမ်
ဇွန် ၂၇ ရက်

စစ်ကောင်စီထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ တီးတိန် နှင့် ရိဒ်ခေါဒါရ်မြို့ကို အဓိက ဆက်သွယ်ထားသည့်လမ်းမကြီးကို စစ်ကောင်စီတပ်မှ JCB မြေတူးစက်ဖြင့် ဖျက်ဆီးလိုက်ကြောင်း ဒေသခံကားသမားများထံမှ သိရသည်။

တီးတိန်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့၊ နေ့လယ်ပိုင်းတွင် တီးတိန် – ရိဒ် ကားလမ်းမကြီးကို လာရောက်ပြီး JCB စက်ဖြင့် ကားလမ်းမကြီးကို ကန့်လန့်ဖြတ် မြောင်းတူးကာ ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။

“တီးတိန်မြို့အထွက် ရိဒ်ခေါဒါရ်ဘက် ဆက်သွယ်ထားတဲ့ ကားလမ်းမကြီးကို ဖျက်ဆီးပစ်တာပါ။ အများပြည်သူသွားတဲ့လမ်းကို ဘာအတွက်ကြောင့် ဖျက်ဆီးပစ်လိုက်တာလဲဆိုတာ မသိဘူး။ ကားလမ်းကို မြောင်းတူးသလို ဖျက်ဆီးလိုက်တာပါ” ဟု တီးတိန်မြို့ခံကားသမားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ လမ်းမကြီးကို ဖျက်ဆီးလိုက်သည့်အတွက် တီးတိန်-ရိဒ် ကားလမ်းပေါ်တွင် ကုန်တင်ကားနှင့် ဆိုင်ကယ်အမြောက်အများ ဖြတ်သန်း၍မရတော့ဘဲ ပိတ်မိနေကြောင်း သိရသည်။

“ကားလမ်းက ကန့်လန့်ဖြတ် မြောင်းတူးသလို ဖျက်ဆီးပစ်လိုက်တော့ ဆိုင်ကယ်တွေ၊ ကားတွေ သွားလို့မရတော့ဘူး။ ကားလမ်းတစ်လျောက် ပိတ်မိနေတယ်။ အဲဒီလမ်းကိုပဲ အသုံးပြုပြီး အိန္ဒိယ ဘက်က ကုန်စည်တွေ အဓိက ဝယ်ယူရတာလေ”ဟု တီးတိန်မြို့ခံကားသမားတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

တီးတိန်-ရိဒ် ကားလမ်းမကြီးသည် နှစ်နိုင်ငံတရားဝင် ဖွင့်လှစ်ထားသည့် အိန္ဒိယ-မြန်မာ အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်းရှိသည့် ရိဒ်ခေါဒါရ်မြို့ကို ဆက်သွယ်ထားသည့် ကားလမ်းမကြီးဖြစ်သည်။

စစ်ကောင်စီတပ်သည် ကလေးမြို့မှ တီးတိန်မြို့နယ်သို့ စစ်ကြောင်းထိုးလာပြီးကတည်းက ဒေသခံများ သည် ကလေး-သိုင်းငင်း ကားလမ်းနှင့် ခိုင်ကမ်း-တီးတိန် ကားလမ်းတို့ကို အသုံးပြုနိုင်ခြင်းမရှိ၍ တီးတိန်-ရိဒ် ကားလမ်းကို အသုံးပြုကာ ရိဒ်ခေါဒါရ်မြို့မှ အခြေခံစားသောက်ကုန်များကို ဝယ်ယူ နေရခြင်းဖြစ်သည်။

စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ကလည်း တီးတိန်-ရိဒ် လမ်းမကြီး ပေါ်ရှိ မဏိပူရမြစ်ကူး မံဆောင်းကြိုးတံတားကို မိုင်းခွဲ ဖျက်ဆီးခဲ့သည်။

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ- စစ်ကောင်စီတပ်မှ ဖျက်ဆီးလိုက်သည့် တီးတိန်-ရိဒ် ကားလမ်းမကြီးကို တွေ့ရစဥ်။
#တီးတိန်နှင့်ရိဒ် #အဓိကလမ်းမကြီး #စစ်ကောင်စီ #JCBမြေတူးစက် #ဖျက်ဆီး #Ayeyarwaddy_Times