
မြောင်းမြမြို့ မြကန်သာရပ်ကွက်အုပ်ချုပ်ရေးမှူးက ဈေးသည်တွေကိုဖယ်ခိုင်းပြီး စျေးမြေကို အကွက်ရိုက်ပြီး ပြန်ရောင်းစားနေ
နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မြောင်းမြ)၊ သြဂုတ်လ ၂၉ ရက်
ဧရာ၀တီတိုင်း၊ မြောင်းမြမြို့၊ မြကန်သာရပ်ကွက် ဈေးမြေနေရာမှာ ဈေးသည်တွေကိုဖယ်ရှားခိုင်းပြီး မြေနေရာတွေကို အုပ်ချုပ်ရေးမှူးက အကွက်ရိုက်ပြီး ပြန်ရောင်းစားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စျေးသည်များကို လမ်းချဲ့မယ်လိုဆိုပြီး ဖယ်ခိုင်းကာ စျေးပိုင်မြေကို အကွက်ရိုက်ရောင်းစားနေတာလို့ ဒေသခံတွေက ဆိုပါတယ်။
“အုပ်ချုပ်ရေးမှူးက ပထမ လမ်းချဲ့ဖို့ ဈေးသည်တွေဖယ်ပေးရမယ်ဆိုပြီးနှင်တယ်။ ခုကြတော့သူက အဲ့နေရာတွေကိုအကွက်ရိုက်ပြီးပြန်ရောင်းနေတာ။ ၅ပေတစ်ကွက်ကို တစ်သောင်းခွဲတဲ့”လို့ ဒေသခံတွေက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
မြကန်သာရပ်ကွက်အုပ်ချုပ်ရေးမှုးဦးစိုးအောင်ကိုယ်တိုင် သြဂုတ်လ၂၇ရက်နေ့က သူရောင်းချထားတဲ့နေရာများကို ဈေးသည်တွေကိုနေရာချပေးခဲ့ပြီး ယခင်ရောင်းချတဲ့ဈေးသည်တွေပြန်လည်ရောင်းချရန်နေရာမရတော့ဘူးလို့ ဒေသခံတွေကပြောပါတယ်။
” ဆိုင်တွေကို မျိုးစုံ ပိုက်ဆံတောင်းပြီး စဖယ်ခိုင်းတုန်းကတော့ အပြင်လူကိုမပေးဘူးဆိုပြီး အခုနေရာပြန် ချပေးတော့ လမ်းကော်မတီကလူတွေက ဆိုင်ခန်းနေရာတွေဝင်ယူနေတယ်။ အဲဒီလိုယူနေတော့ တချို့ စျေးသည်တွေ ဆိုင်ခန်းနေရာပျောက်ပြီး ဒုက္ခရောက်တာပေါ့” လို့ ဈေးသည်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ခုလိုဖြစ်စဥ်အတွက်ဈေးသည်တွေကစုပေါင်းပြီး မြောင်းမြစည်ပင်ကော်မတီကို တိုင်ကြားထားပေမယ့် အရေးယူမှုတစ်စုံတစ်ရာမရှိတဲ့အပြင်အုပ်ချုပ်ရေးမှူးက လမ်းဘေးရေမြောင်းများပြုလုပ်ရန်ရှိသည်ဟုဆိုကာ စျေးဆိုင်တစ် ဆိုင်လျှင် ကျပ် ၃၀,၀၀၀ ခန့် ထပ်မံတောင်းယူသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်မေလ၃၀ရက်နေ့က
မြောင်းမြမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကစစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့မြကန်သာရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစိုးအောင်ရဲ့အိမ်ရှေ့ကို ဗုံးခွဲပြီးသတိပေးတာတွေပြုလုပ်ခဲ့ပါတယ်။
#မြောင်းမြ #မြကန်သာ #အုပ်ချုပ်ရေးမှူး #စျေးသည် #နေရာဖယ်ခိုင်း #အကွက်ရိုက် #ရောင်းစား
#Ayeyarwaddy_Times