မအူပင်မြို့တွင် စစ်တပ်နား ဒရုန်းတွေ့လို့ စစ်ကောင်စီတပ်သားတွေ သေနတ်နဲ့ လိုက်ပစ်

အောင်မြသန်း/ဧရာဝတီတိုင်းမ်

(မအူပင်)၊ ဩဂုတ်လ ၂၉ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ ဩဂုတ်လ ၂၈ ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်အနားမှာ ဒရုန်းပျံသန်းတာ တွေ့လို့ဆိုပြီး သေနတ်နဲ့ပစ်ချတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပံတပွတ်ကျေးရွာမှာရှိတဲ့ ခလရ ၂၇ တပ်အနား ည ၁၀ နာရီကျော်လောက် ပျံသန်းလာတဲ့ ဒရုန်းတွေ့လို့ ဆိုပြီး စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့လိုက်လံပစ်ခတ်တာတွေပြုလုပ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ စစ်ကောင်စီတပ်သားတွေက သွေးပျက်နေတာ မြို့ပေါ်မှာမထင်ရင် မထင်သလို သေနတ်ပစ်ဖောက်တာ တွေလည်းရှိတယ် ညကတော့ ကောင်းကင်မှာ ဒရုန်းတွေ့လို့ဆိုပြီး လိုက်ပစ်တာတွေလုပ်တယ်”လို့ မအူပင်မြို့ခံ ပြည်သူတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ခလရ ၂၇ တပ်နားမှာတင် သေနတ်နဲ့လိုက်ပစ်တာမဟုတ်ဘဲ မအူပင်မြို့အဝင်တံတား ပေါ်မှာလည်း ၁၁ ချက်ပစ်ခဲ့သလို မင်းလမ်းက ဆိုင်ကယ်ဆိုင်နားမှာလည်း ပစ်ဖောက်သွားတယ်လို့ ဆိုပါတယ်။

ဒရုန်းတွေလို့ဆိုပြီး တပ်ထဲကနေ မြို့ပေါ်အထိ စစ်ကားတွေနဲ့လိုက်လာတဲ့ စစ်ကောင်စီတပ်သားတွေက တံတားပေါ်မှာ သေနတ်ပစ်ဖောက်တာတွေပြုလုပ်ပြီး ဗိုလ်ချုပ်ရုပ်ထုနားက BKK စားသောက်ဆိုင်မှာ ဘီယာ ဝင်သောက်တာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခုလထဲမှာဘဲ စစ်ကောင်စီတပ်က ဒရုန်းကိုင်ဆောင်ထားတဲ့သူတွေ သူတို့ဆီကိုလာရောက်အပ်နှံဖို့ ထုတ်ပြန်ပြောဆိုထားပါသေးတယ်။

#AyeyarwaddyTimes