
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၂၇ ရက်
တနင်္သာရီ တိုင်း ၊ လောင်းလုံးမြို့ နယ် အတွင်း သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ မှ တပ်သားတစ်ဦးက လောင်းလုံးမြို့ ၊ ကညုံကျွန်း ရွာ မှ အသက် ၇၂ အရွယ် အဖွား တစ်ဦးကို အကြိမ်ကြိမ် မုဒိမ်းပြုကျင့်ခဲ့ကြောင်း ဒေသခံများနှင့် နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်) ထံမှသိရသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် လောင်းလုံးမြို့နယ်အတွင်းသို့ ဇွန် ၁၄ ရက် မှ ဇွန် ၂၄ ရက်အထိ စစ်ကြောင်းထိုးဝင်ရောက်ကာ တပ်စွဲနေထိုင်ခဲ့၍ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လောင်းလုံးမြို့နယ် အတွင်း ၁၀ ရက်ခန့် တပ်စွဲနေထိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတစ်ဦးသည် ကညုံကျွန်းရွာရှိ အဖွားတစ်ဦးကို အကြိမ်ကြိမ်မုဒိမ်းပြုကျင့်ခဲ့ပြီး ဇွန် ၂၄ ရက်နေ့တွင် စစ်ကြောင်းပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
“စစ်ကောင်စီ စစ်ကြောင်း ရွာထဲကို ရောက်လာတော့ ရွာလုံးကျွတ် နီးပါးထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။ ကျန်းမာရေးမကောင်းတဲ့သူအချို့နဲ့ သက်ကြီး ရွယ်အို အဖိုး အဖွားတွေပဲ့ကျန်ခဲ့တယ်”ဟု ကညုံကျွန်းရွာ မှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထိုနောက် ကညုံကျွန်း ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ အသက် ၄၀ ကျော်အရွယ်ရှိ တပ်သားတစ်ဦးက အဖွား နေအိမ်သို့ ရောက်ရှိကာ မုဒိမ်းပြုကျင့်ခဲ့ပြီး ၎င်း၏အမည်ကို ဖိုးချေဟု အထက်အရာရှိဆိုသူတွေက ခေါ်နေသည်ကို ကြားရသည်ဟု မုဒိမ်းမှု ကျူးလွန်ခံရသူက ပြောကြားခဲ့ ကြောင်း သိရသည်။
“အဖွားက အသက်ကြီးပြီဆိုတော့ သူ မုဒိမ်းပြုကျင့်ခံရတဲ့ ရက်အတိအကျကိုတော့ မမှတ်မိတော့ဘူး။ အဖွားက အခုအချိန်အထိကြောက်လန့် ခြောက်ခြားနေတယ်။ အဖွားကို မုဒိမ်းကျင့်တာက ခင်ပွန်းရဲ့ အရှေ့မှာ ပြုကျင့်တာပါ။ နှစ်ရက် ဆက်တိုက် ငါးကြိမ် တိတိ အဲဒီ စစ်ကောင်စီတပ်သားတစ်ဦးတည်း အဓမ္မပြုကျင့်ခဲ့တာပါ။ အဖွားက အရမ်းနာကျင်ခံစားနေရတယ်။ အခုဆို အဖွားရဲ့ မိန်းမကိုယ် က သွေးတွေပါထွက်ကျနေတယ်” ဟု နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်) မှ တာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
လက်ရှိအချိန်တွင် မုဒိမ်းပြုကျင့်ခံရတဲ့ အဖွားသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိသည့် အခြေအနေမျိုးကို ခံစားနေရ၍ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
“အဖွားက လက်ရှိအချိန်မှာတုန်လှုပ်ခြောက်ခြားနေတယ်။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျဆင်းတဲ့ အခြေ အနေမျိုးကိုခံစားနေရတယ်။ အဖွားက ခါးအောက်ပိုင်းကနေပြီး အောက်ပိုင်း တစ်ပိုင်းလုံး လှုပ်ရှားမှုသိပ်မကောင်းဘူး။ နာကျင်ကိုက်ခဲနေတယ်လို့ပြောတယ်။ အခုဆိုအဖွားက ပိုးသတ်ဆေးတွေ သောက်ပြီးဆေးကုသမှုခံယူနေရတယ်”ဟု နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်) မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောကြားသည်။
စစ်ကောင်စီတပ်သားများ ရွာမှထွက်ခွာသွားပြီးသည့်နောက် မုဒိမ်းပြုကျင့်ခံရသည့် အဖွားတို့ မိသားစုသည် ကညုံကျွန်းရွာမှ အခြားသို့ပြောင်းရွေ့လိုက်ကြပြီး လက်ရှိတွင် အဖွားအတွက် ကျန်းမာရေး ဆိုင်ရာ ကုသမှုများ ပြုလုပ်ပေးလျက် ရှိကြောင်းသိရသည်။
အဆိုပါ စစ်ကောင်စီတပ်သည် ကညုံကျွန်းရွာမှ ထွက်ခွာသွားပြီးဖြစ်သော်လည်း ရွာသားများမှာ ယနေ့ အထိ နေရပ်သို့ ပြန်လာရဲခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
#လောင်းလုံး #အသက်၇၂ #အဖွား #စစ်ကောင်စီတပ်သား #အကြိမ်ကြိမ်မုဒိမ်းကျင့် #Ayeyarwaddy_Times