ဧရာဝတီတိုင်း
ဇွန် ၂၇ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မဟာ (၂) နယ်မြေ၊ ကျောက်မဲမြို့ကို စစ်ကောင်စီက ဗုံးထပ်မံကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့ ရပ်ကွက် (၇) ကို ယမန်နေ့ ဇွန် ၂၆ ရက် ည ၁၂ နာရီ ၄၇ မိနစ်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်သည့်အတွက် အသက် (၄၉) နှစ်အရွယ် ဒေါ်မိုးစုနောင် သေဆုံးခဲ့ပြီး ကိုဖြိုးသန်းကျော် ၁၉ နှစ်၊ ကိုဇော်ထူးလင်း ၁၇ နှစ်တို့ ထိခိုက်ဒဏ်ရာ ရရှိကာ နေအိမ်နှစ်လုံးလည်း ပျက်စီးသွားကြောင်း TNLA က ထုတ်ပြန်သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန် ၂၄ ရက်နေ့ကလည်း ကျောက်မဲမြို့အတွင်းကို ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံလေးဦး သေဆုံးပြီး ကလေးငယ်နှစ်ဦး အပါအဝင် ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၄၉ လုံးနှင့် စာသင်ကျောင်းနှစ်ကျောင်း ထိမှန်ပျက်စီးခဲ့သည်။

စစ်ကောင်စီတပ်နှင့် TNLA တို့သည် နောင်ချိုတွင် တိုက်ပွဲများဖြစ်ပွားနေရာ စစ်ကောင်စီက ပစ်ခတ် သည့် လက်နက်ကြီးများ နောင်ချိုမြို့အတွင်း ကျရောက်ပေါက်ကွဲ၍ မြို့ခံအများစုမှာ ကျောက်မဲမြို့သို့ စစ်ရှောင် ထွက်ပြေးနေကြကြောင်း သိရသည်။

စစ်ကောင်စီသည် ကျောက်မဲမြို့ကိုသာမက မိုးကုတ်မြို့ကိုလည်း ဇွန်လ ၂၅ ရက်နေ့ ည ၁၁ နာရီ ၁၃ မိနစ်က ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီသည် မိုးကုတ်မြို့ အုန်းကိုင်းရပ်ကွက်ကို ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံးတစ်လုံး ကြဲချတိုက် ခိုက်ခဲ့သည့်အတွက် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူလူထု နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ငါးလုံးကျော်နှင့် ဘုန်းကြီးကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးခဲ့သည်။

ဓာတ်ပုံ-TNLA
#ရှမ်းမြောက် #ကျောက်မဲ #စစ်ကောင်စီ #ထပ်မံဗုံးကြဲ #Ayeyarwaddy_Times