
ဧရာ၀တီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၂၇ ရက်
ထိုင်းနိုင်ငံမှ ဖမ်းဆီးပြန်ပို့ခံရပြီး ကော့သောင်းမြို့တွင် စစ်မှုထမ်း တပ်သားသစ်အဖြစ် စုဆောင်းခံရသည့် လူငယ်နှစ်ဦးနှင့် ထားဝယ်ဒေသခံ လူငယ်နှစ်ဦး အပါအဝင် လေးဦးသည် ဇွန် ၁၈ ရက်က ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံ ထွက်ပြေးခိုလှုံလာကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ထွက်ပြေးခိုလှုံလာသော လူငယ်လေးဦးမှာ ရှမ်းပြည်နယ်၊ တောင်ကြီး မြို့မှ နှစ်ဦး၊ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှ တစ်ဦးနှင့် မြိတ်မြို့မှတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် အဆိုပါ လူငယ်လေးဦးမှာ အသက် ၂၀ မှ ၃၀ နှစ်ကြားအရွယ်များ ဖြစ်ကြပြီး ၎င်းတို့ကို ပလောက်မြို့ရှိ အမှတ် (၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တိုင်းဗဟို-၁၂) မှ စစ်မှုထမ်း အမှတ်စဉ် (၁၁) အဖြစ် အဓမ္မစုဆောင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတပ်ရင်းထံမှ သိရသည်။
“အဲဒီလူငယ်လေးဦးက အဖမ်းခံရပုံခြင်း မတူကြပါဘူး။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ဘက်က နှစ်ဦးကတော့ ထိုင်းမှာ ဗီဇာသက်တမ်းကုန်လို့ အဖမ်းခံရတာပါ။ ထိုင်းမှာ ထောင်ကျပြီး မြန်မာနိုင်ငံကို ပြန်ပို့တဲ့အချိန် ကော့သောင်းမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတာပါ။ နောက်ထပ်နှစ်ဦး ကတော့ ထားဝယ်ဒေသခံတွေပါ။ ကော့သောင်းက တစ်ဦးနဲ့ မြိတ်ကတစ်ဦးပါ။ သူတို့နှစ်ယောက် ကိုတော့ နေအိမ်မှာပဲ လာဖမ်းသွားပြီး တပ်သားသစ်စုဆောင်းရေးကို ပို့လိုက်တာပါ။ လေးဦးစလုံးက အပတ်စဉ် (၁၁) သင်တန်းသားတွေပါ” ဟု မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ရဲဘော် အာနိုးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်မှုထမ်းအမှတ်စဉ် (၁၁) တွင် သင်တန်းသားဦးရေ ၃၀၀ ခန့်ရှိပြီး ၎င်းတို့အနက် ၁၈၀ ဦးမှာ ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံသို့ ပြန်ပို့သည့်အချိန် ကော့သောင်းတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံရကာ စစ်မှုထမ်းတပ်သားသစ်အဖြစ် စုဆောင်းခံရသူများဖြစ်ကြောင်း သိရသည်။
ထွက်ပြေးလာသည့် လူငယ်လေးဦးသည် အပတ်စဉ် (၁၁) တွင် သင်တန်းသုံးပတ်ခန့်တက်ပြီးနောက် ပလောက် (တိုင်းဗဟို ၁၂) မှ ထွက်ပြေးလာခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့ လေးဦးစလုံးက သင်တန်းသုံးပတ်လောက်တက်ပြီးတာနဲ့ ထွက်ပြေးလာကြတယ်။ လက်နက်တွေ ကတော့ မပါလာကြဘူး။ သင်တန်းမပြီးတော့ လက်နက်တွေ မထုတ်ပေးသေးဘူး။ သင်တန်းတက်စဥ် မှာလည်း သူတို့ကို သင်တန်းပေးတဲ့ စစ်ကောင်စီတပ်သားတွေက ‘မင်းတို့တွေ ထွက်မပြေးကြနဲ့နော်။ ထွက်ပြေးလို့ PDF တွေဆီ ကိုရောက်ရင် မင်းတို့ကို ခေါင်းဖြတ်သတ်လိမ့်မယ်’ ဆိုပြီး ခြိမ်းခြောက် ထားတယ်လို့ပြောတယ်။ သူတို့ လေးဦးစလုံး ရဲ့ ဆန္ဒကတော့ အားလုံးအိမ်ပြန်ကြမယ်လို့ပြောတယ်” ဟု မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုး ကဆက်လက်ပြောကြားသည်။
လက်ရှိတွင် ၎င်းတို့ကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးထားပြီး လိုအပ်သည်များကို ဆက်လက် ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းအနေဖြင့် စစ်မှုထမ်းအဖြစ် အတင်းအဓမ္မစုဆောင်းခံရသူများအား အကောင်းဆုံး ကူညီဆောင်ရွက်နိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားလျက်ရှိပြီး လူငယ်များအနေဖြင့် လည်း စစ်ကောင်စီ၏ မတရားဖိနှိပ်မှုအောက်မှ ရုန်းထွက်ကာ အတူတကွ တိုက်ပွဲဝင်ပြီး တော်လှန် ကြရန် တိုက်တွန်းအသိပေးထားသည်။
ပုံစာ-စစ်သားသစ်အဖြစ် အဓမ္မစုဆောင်းခံရသည့် လူငယ်လေးဦး မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံ ခိုလှုံလာစဉ်။
#ထိုင်းနိုင်ငံ #ပြန်ပို့ခံရသူ၂ဦး #စစ်ကောင်စီစစ်မှုထမ်း #အဓမ္မစုဆောင်းခံရသူ #၄ဦးထွက်ပြေး #PDFခိုလှုံ #Ayeyarwaddy_Times