
ဧရာဝတီတိုင်းမ်
(ကျောက်ကြီး)၊ ဇွန် ၂၆ ရက်
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းများကို တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များက ယနေ့ဇွန် ၂၆ ရက်နေ့တွင် စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအနေဖြင့်တိုက်ခိုက်ခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
စစ်ကောင်စီစခန်းများကို တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ် ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၂ ဦးကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိကာ ကျန်တပ်ဖွဲ့ဝင်အချို့မှာလည်း ဆုတ်ခွာထွက်ပြေးသွား ကြကြောင်း သိရသည်။
“သုံ့ပန်းတွေမိတဲ့ဟာက ရန်သူအင်အား ၂၀၀ ဝန်းကျင် လောက်ရှိတဲ့ ရွာတစ်ရွာကိုဝင်စီးတာပေါ့။ ကျွန်တော်တို့စစ်ရေးအရ အသာစီးရပြီး ရန်သူလက်နက်ချတဲ့ အနေအထားမျိုးရရှိတာပေါ့” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်မျိုးစုံ ၂၈ လက်အပြင် ခဲယမ်းအများအပြားနှင့် စစ်အသုံးအဆောင်ပစ္စည်းအများအပြားကို သိမ်းဆည်းရမိခဲ့ ကြောင်းလည်း သိရသည်။
ထို့ပြင် ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းများကိုလည်း ဂျနီဗာကွန်ဗန်းရှင်း(Geneva Conventions) နှင့်အညီ စနစ် တကျထိန်းသိမ်းထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါတိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂)စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်း စစ်ဌာန၊ ဗျူဟာ-၂၅ တပ်ရင်း ၃၇၀၂၊ အထူးကွန်မန်ဒိုတပ်ရင်း၊ Spring Warrior Column၊ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA) တပ်ရင်း-၈၊ ၉ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအနေဖြင့် တိုက်ပွဲများ ဆင်နွှဲနေပြီး ယမန်နေ့ ဇွန် ၂၅ ရက်နေ့ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းရှိ စစ်ကောင်စီစခန်း ကိုး ခုကို တပြိုင်နက်တိုက်ခိုက်ခဲ့ရာ တပ်သား ၁၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး သုံး ဦးအရှင်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – NUG
#ကျောက်ကြီး #စစ်ကောင်စီ #တိုက်ခိုက်ခံရ #အရှင်ဖမ်းမိ #PDF #KNLA #Ayeyarwaddy_Times