
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၂၇ ရက်
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသားများ ကြုံတွေ့နေရသော ပြဿနာများနှင့် ပတ်သက်၍ ထိုင်းအစိုးရက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင် အသိအမှတ် ပြုထားခြင်းမရှိသောကြောင့် မြန်မာ့အရေးဆောင်ရွက်ရာတွင် ခက်ခဲမှုများစွာရှိနေကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောကြားလိုက်သည်။
မဲဆောက်မြို့တွင် ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေး (လဝက) တို့ ပူးပေါင်းပါဝင်သည့် “တောမော” ဟု လူသိများသော အဖွဲ့စုံက စီမံချက်များဖြင့် မြန်မာလူမျိုးများကို စစ်ဆေး ဖမ်းဆီးနေမှုအပေါ် NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူက ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။
“ထိုင်းအစိုးရက NUG ကို တရားဝင် အသိအမှတ်ပြုထားတာ မဟုတ်တော့ လုပ်ရကိုင်ရတာ အခက်အခဲတွေ အများကြီးရှိပါတယ်။ တတ်နိုင်သမျှတော့ ချိတ်ဆက်ကူညီမှုတွေ လုပ်နေပေမယ့် အားလုံးကို မလွှမ်းခြုံနိုင်ပါဘူး” ဟု ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ရရှိထားသည့် အချိတ်အဆက်များမှတစ်ဆင့် ထိုင်းအစိုးရထံသို့ အဆိုပါအခြေအနေများကို ပြောပြ၍ မေတ္တာရပ်ခံခြင်းများ လုပ်ဆောင်လျက်ရှိ ကြောင်းလည်း ၎င်းက ဆက် လက်ပြောဆိုသည်။
လက်ရှိတွင် မဲဆောက်မြို့၌ မြန်မာနိုင်ငံသားများနှင့် ပတ်သက်သည့် စံပလော (သုံးဘီး)၊ အီးဗိုက် (ဘက်ထရီတပ်စက်ဘီး) မောင်းနှင်မှုများအပြင် ဆံပင်ညှပ်အလှပြင်ဆိုင်များ အပါအဝင် နိုင်ငံခြားသားများ လုပ်ဆောင်ခွင့်မရှိသော လုပ်ငန်းများကို “တောမော” အဖွဲ့က စစ်ဆေးဖမ်းဆီးမှုများ ပြင်းထန်စွာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ထိုင်းအစိုးရ၏ တရားဝင် အသိအမှတ်ပြု အထောက်အထားဖြစ်သော ပန်းရောင်ကတ်၊ CI စာအုပ်ကိုင်ဆောင်ထားသည့် မြန်မာလူမျိုးများကိုပင် လက်ရှိအလုပ်နှင့် အလုပ်ရှင်သူဌေး မတူညီမှု၊ ဧည့်စာရင်း မတိုင်ကြားမှု စသည့် အကြောင်းပြချက်များဖြင့် ဖမ်းဆီးလျက်ရှိသည်။
ဧည့်စာရင်း မတိုင်ပေးသည့် အိမ်ပိုင်ရှင်များအားလည်း ဒဏ်ရိုက်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
ထိုင်းအစိုးရသည် NUG ကို တရားဝင်အသိအမှတ်ပြုထားခြင်းမရှိသော်လည်း အမေရိကန် ပြည်ထောင်စု (ဝါရှင်တန်ဒီစီ) တွင် NUG နိုင်ငံခြားရေးဝန်ကြီးဌာနရုံး ဖွင့်လှစ်ထားကာ ယူနိုက်တက် ကင်းဒမ်း၊ ဩစတြေးလျ၊ ချက်သမ္မတနိုင်ငံ၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ နော်ဝေ၊ ပြင်သစ် တို့တွင် NUG ကိုယ်စားလှယ်များ ခန့်အပ်ထားသည်။
ထို့အပြင် အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့တွင်လည်း NUG ကိုယ်စားလှယ်များ ရှိပြီး အရှေ့တီမော တွင် သံအမတ်ကြီးအဆင့်သူတစ်ဦး ခန့်အပ်၍ သံတမန်ရုံး ဖွင့်လှစ်ထားကြောင်းသိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ထိုင်းအစိုးရ #NUG #အသိအမှတ်မပြု #မြန်မာ့အရေးဆောင်ရွက် #အခက်အခဲများရှိ #ဦးနေဘုန်းလတ် #Ayeyarwaddy_Times