
ဧရာဝတီတိုင်းမ်
ဇွန် ၂၆ရက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အခြေစိုက် ကျောက်ဖြူ- ရန်ကုန်လမ်းရှိ အမှတ် (၃၂) ရဲတပ်ရင်း မှာ ကျလုနီးဖြစ်နေသည့်အတွက် စစ်ကောင်စီက ကာကင်းစခန်းများတွင် အင်အားဖြည့်နေကြောင်း သိရသည်။
စစ်ကောင်စီသည် ရဲတပ်ရင်း ၃၂ ၏ ကာကင်းစခန်းဖြစ်သော တောင်ရှည်တောင်တွင် ယခု ဇွန် နောက်ဆုံးပတ်က အင်အားအလုံးအရင်းဖြင့် နေရာချထားပြီး စစ်ပြင်ဆင်ထားကြောင်း သိရသည်။
“တိုက်ပွဲကလုံးဝရပ်သွားတာမျိုးမဟုတ်ဘူး။ အပြန်အလှန်ပစ်ခတ်မှုရှိတယ်။ AA ကထိုးစစ်မဆင်တဲ့ အချိန် အခွင့်ကောင်းယူပြီး စစ်တပ်က တောင်ရှည်တောင်မှာ အင်အားတိုးထားတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့သည် မလကျွန်း၊ ပြိုင်စေ့ကေနှင့် ကပ်သပြေတို့တွင် တိုက်ပွဲဆက်ရှိနေပြီး စစ်ကောင်စီက ကြည်း၊ ရေ၊ လေမှ ခုခံပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီသည် လက်နက်ကြီးနှင့် ဒရုန်းပစ်ခတ်မှုကို အဓိကထား အသုံးပြုနေပြီး ကျောက်ဖြူ မြို့နယ်အတွင်းရှိ သုံးနေရာခန့်တွင် တိုက်ပွဲများဆက်ရှိနေခြင်းဖြစ်သည်။
AA က ထိုးစစ်ဆင်မှုကိုရပ်တန့်ထားပြီး မလကျွန်းမှ ၄ဖာလုံ၊ ပြိုင်စေ့ကေမှ ၂ဖာလုံခန့် နောက်ဆုတ် အင်အားဖြည့်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ် little rabbit ထံမှ သိရသည်။
အမှတ် (၃၂) ရဲတပ်ရင်းမှာ ကျလုနီးပါးဖြစ်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဒါဇင်ခန့် ထွက်ပြေး လွတ်မြောက်သွားကာ စစ်ကောင်စီ၏ မြို့ပြင်တပ်များဖြစ်သော ခမရ ၅၄၂နှင့် ခမရ ၅၄၃တို့မှာလည်း အင်အားပြုန်းတီးပြီး တပ်ပျက်လုနီးပါးဖြစ်နေသည့်အတွက် ရဲတပ်ဖွဲ့ဝင်များနှင့် အစားထိုး အင်အား ဖြည့်ထားရကြောင်း သတင်းရင်းမြစ်က ဆိုသည်။
#ကျောက်ဖြူ #ရဲတပ်ရင်း၃၂ #ကျကာနီး #တောင်ရှည်တောင် #အင်အားဖြည့် #Ayeyarwaddy_Times