
ဧရာဝတီတိုင်းမ်
(ကလေး)၊ဇွန် ၂၆ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အခြေခံပညာအထက်တန်းကျောင်း အထက (၈) တွင် ကျောင်းတက်နေသည့် ကျောင်းသား ခြောက်ဦးသည် တစ်ပတ်ကြာအထိ မိသားစုဝင်များနှင့် အဆက်သွယ်မရရှိဘဲ ပျောက်ဆုံးနေကြောင်း မိသားစုဝင်များထံမှ သိရသည်။
ကျောင်းသားများသည် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့၊ နံနက်ပိုင်းက ကျောင်းတက်ရန် ကျောင်းသို့ သွားကြခြင်းဖြစ်ပြီး ကျောင်းသို့ရောက်ရှိလာခြင်းမရှိသလို ညနေ ကျောင်းဆင်းချိန်တွင်လည်း နေအိမ်သို့ ပြန်ရောက်လာခြင်းမရှိဘဲ လမ်းတွင် ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
“မနက်အစောကတည်းက ကျောင်းသွားမယ်ဆိုပြီး ထွက်သွားတာ။ ညနေ ကျောင်းဆင်းချိန်ထိ အိမ်ပြန် ရောက်မလာလို့ ဖုန်းဆက်တာ စက်ပိတ်ထားတယ်။ ကျောင်းက ဆရာတွေ မေးတော့လည်း မနက်ကတည်းက ကျောင်းကို မရောက်ဘူးတဲ့။ ဒီနေ့ကထိ ဘာဆက်သွယ်မှ မရသေးပါဘူး” ဟု ကျောင်းသားမိဘတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မိသားစုဝင်များက ပျောက်ဆုံးသွားသည့် ကျောင်းသားများကို လိုက်လံရှာဖွေသော်လည်း ယနေ့ ဇွန်လ ၂၆ ရက်နေ့ထိ မည်သည့်အဆက်သွယ်မှ မရရှိသေးကြောင်း သိရသည်။
“ပျောက်သွားတဲ့နေ့ကတည်းက ချက်ချင်းလိုက်ရှာတယ်။ ရှာသင့်တဲ့နေရာတွေ အားလုံးလည်း စုံနေပါပြီ။ သတင်းက အခုထိ ဘာအစနမှ မရသေးဘူး။ ပျောက်တာလည်း နည်းနည်းကြာပြီဆိုတော့ ပိုပြီး စိတ်ပူပန်ရတယ်။ စစ်တပ်ထဲမှာလည်း စုံစမ်းထားပါတယ်။ လောလောဆယ်တော့ သေချာအဖြေ မသိရသေးဘူး” ဟု မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပျောက်ဆုံးသွားသည့် ကျောင်းသားများသည် အသက် ၂၁ နှစ်အရွယ် မောင်အောင်မြင့်နိုင်၊ အသက် ၁၇ နှစ်အရွယ် မောင်ကောင်းမြင့်နိုင်၊ မောင်မားဟုန်၊ အသက် ၁၅ နှစ်အရွယ် မောင်ကျော်ဇင်ဖြိုး၊ မောင်ဇော်သူလင်း နှင့် အသက် ၁၄ နှစ်အရွယ် မောင်ဘွေထချွတို့ဖြစ်သည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကလေးမြို့ပေါ် ရပ်ကွက်များတွင် အိမ်စီးကား၊ ဆိုင်ကယ်တို့ဖြင့် နေ့နှင့်ည ကင်းလှည့်လည်ကာ လမ်းသွားလမ်းလာ လူငယ်များကို ဖမ်းဆီးပြီး စစ် သင်တန်း တက်ရောက်ခိုင်းခြင်းများရှိကြောင်း သိရသည်။
ပုံစာ- ပျောက်ဆုံးသွားသည့်ကျောင်းသားများ။
#ကလေး #ကျောင်းတက် #ကျောင်းသား၆ဦး #တစ်ပတ်ကြာ #ပျောက်ဆုံးနေ #Ayeyarwaddy_Times