
ဧရာဝတီတိုင်းမ်
ဇွန် ၂၆ရက်
ဖားကန့်မြို့နယ်အတွင်း အင်မာယာန်ကျေးရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
KIA သည် အင်မာယာန်ရွာဘက်သို့စစ်ကြောင်းထိုး တက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို ယနေ့ ဇွန် ၂၆ ရက် နံနက် ၄နာရီခန့်မှစတင်ပြီး တိုက်ခိုက်ခဲ့ရာ နံနက် ၈နာရီခန့်တွင် စစ်ကြောင်း ပြန်ဆုတ် ထားကြောင်း သိရသည်။
“ညကတည်းကတိုက်ပွဲဖြစ်ပြီး ပစ်ခတ်နေလို့ ရွာကနေ စစ်ရှောင်ပြေးရသူများတယ်။ ဒီမနက်ထိ ပစ်နေ ကြတုန်းပဲ” ဟု ဖားကန့်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယမန်နေ့ ဇွန် ၂၅ရက် ညနေပိုင်းမှစပြီး အမှိုက်ပုံကျေးရွာ (ရတနာမြေစာပုံ)မှနေ၍ အင်မာယာန် ကျေးရွာဘက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးလာပြီး ဗျူဟာကုန်းမှနေ၍လက်နက်ကြီးများ ဖြင့်ပစ်ခတ်ခဲ့သည်။
စစ်ကောင်စီသည် ဗျူဟာကုန်းဝန်းကျင်လုံခြုံမှုရှိရေးအတွက် မှော်စီစာကျေးရွာ တစ်ဝိုက်အပြင် အင်မာယာန်ဘက်သို့ပါ အခြေချ နေရာယူရန်ပြင်ဆင်နေပြီး စစ်ကောင်စီ စစ်ကြောင်းဝင်လာသည့် အတွက် အင်မာယာန်ကျေးရွာ ဒေသခံများမှာ ညတွင်းချင်း စစ်ရှောင် ထွက်ပြေးကြရကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် မေ ၃၁ရက်မှစတင်ကာ မှော်စီစာရှိ ကျောက်စိမ်းလုပ်ကွက်များအတွင်း ဝင်ရောက်၍ မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ပြီး စစ်ကြောင်းထိုးနေခြင်း ဖြစ်ကာ မှော်စီစာနှင့် ကုဋေမှော် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်ဦးစီးမှူးအပါအဝင် တပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးခဲ့သည်။
ဓာတ်ပုံ-အင်တာနက်(ပုံဟောင်း)
#ဖားကန့် #တိုက်ပွဲဖြစ် #စစ်ကောင်စီ #ဗျူဟာကုန်း #စိုးမိုးရန်ကြိုးပမ်း #Ayeyarwaddy_Times