
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၂၆ ရက်
စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးနောက် ကြားကာလအစိုးရ ဖွဲ့စည်းနိုင်ရေးအတွက် သက်ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်ထံမှ သိရသည်။
စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်သည် ယမန်နေ့ ဇွန် ၂၅ ရက်က စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ထိုဥဒေအရ ကြားကာလအစိုးရ ဖွဲ့စည်း နိုင်ရေး ရွေးချယ်ရေးကော်မရှင်ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
“ရွေးချယ်ရေးကော်မရှင်က အစိုးရဖွဲ့စည်းနိုင်ဖို့အတွက် ပေါင်းစပ်ညှိနှိုင်း ရွေးချယ်ပြီးရင် အတည်ပြု နိုင်ဖို့ လွှတ်တော်ကို တင်သွင်းမှာဖြစ်တယ်။ အဲဒီနောက် လွှတ်တော်က အတည်ပြုမယ်” ဟု စစ်ကိုင်းဖက် ဒရယ်ယူနစ် လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းအပြင် ကြားကာလအစိုးရ ဖွဲ့စည်းနိုင်ရေးအတွက် အချိန်ကာလအားဖြင့်နှင့် ပေါင်းစပ်ညှိနှိုင်း နိုင်သည့်အပေါ် မူတည်နေသလို လွှတ်တော်တစ်ခုတည်းက ဖွဲ့စည်းခြင်းမျိုးမဟုတ်ဘဲ အားလုံးတိုင်ပင် ဆွေးနွေး၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
အဆိုပါ ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေကို အင်အားစုပေါင်းများစွာဖြင့် တွေ့ဆုံဆွေးနွေးသည့် ရက်ပေါင်း ၅၈၆ ရက်၊ အဓိကတွေ့ဆုံမှုပေါင်း ၃၈၇ ကြိမ် ပြုလုပ်ခဲ့ပြီးနောက် ပဉ္စမပုံမှန်အစည်း အဝေးတွင် အတည်ပြုပြဋ္ဌာန်းနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ယူနစ်အသီးသီးနှင့် သက်ဆိုင်ရာသူများက ထောက်ခံ ကြိုဆိုကြပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်အနေဖြင့် ယင်းဥပဒေကို (တတိယမူကြမ်း) အထိ အကြံပြုချက်များအပေါ် သုံးသပ်ပြင်ဆင်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ပူးပေါင်းသွားဖို့ ရှိပါတယ်။ စစ်ကိုင်းတိုင်းဟာ တော်လှန်ရေးအားကောင်းတာကြောင့် စစ်အာဏာရှင်စနစ်ဆိုးအောက်ကနေ လွတ်မြောက်ဖို့ ထိုက်တန်နေပြီ” ဟု စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း အလုပ် အမှုဆောင်ကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းဆွေက ဧရာဝတီတိုင်းမ်ကို ပြောသည်။
NUG ၏ သဝဏ်လွှာတွင်လည်း စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ နိုင်ငံရေးအင်အားစုများ စုပေါင်းလက်တွဲနိုင်မှုသည် မြေပြင်၏ လိုအပ်ချက်ကို အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး၏ ခိုင်မာသော ခြေလှမ်းဖြစ်ကြောင်း ဖော်ပြထားသည်။
ဖက်ဒရယ်ယူနစ်နှင့် ဗဟိုအစိုးရကြား အပြန်အလှန်အသိအမှတ်ပြုမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ ရှိနေခြင်းသည် တော်လှန်ရေးအောင်မြင်ဖို့အတွက်သာမက အနာဂတ်ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေး အတွက်ပါ အလွန်အရေးကြီးသည်ဟု NUG က အလေးအနက်ရှုမြင်ကြောင်း ထုတ်ပြန်ပြောဆိုခဲ့သည်။
ထို့အတွက် ရှေ့ဆက်ပြီး ဤကဲ့သို့ ပူးပေါင်းဆောင်ရွက်သည့် နိုင်ငံရေးဓလေ့များ ပိုမိုခိုင်မာလာစေရေး အားထုတ်ကြိုးပမ်းသွားရန် လိုအပ်ကြောင်းလည်း NUG က ဆိုသည်။
ဓာတ်ပုံ- စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်
#စစ်ကိုင်းဖက်ဒရယ်ယူနစ် #ကြားကာလအစိုးရဖွဲ့စည်းနိုင်ရေး #ပေါင်းစပ်ညှိနှိုင်း #Ayeyarwaddy_Times