
ဧရာဝတီတိုင်းမ်
(မော်ချီး)၊ ဇွန် ၂၆ ရက်
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးမြို့ရှိ လူနေထူထပ်ကာ ခဲကျင်းများရှိသည့် ရပ်ကွက်တစ်ခုကို စစ်ကောင်စီက ယမန်နေ့ ဇွန် ၂၅ ရက်နေ့၊ နံနက် ၁၁ နာရီဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မော်ချီးမြို့ရှိ ခဲကျင်းများရှိရာသို့ ပေါင် ၄၀၀ ဗုံး နှစ် လုံးဖြင့်ကြဲချတိုက်ခိုက်ခဲ့ပြီး စက်သေနတ်များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သား ခုနစ် ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ဦးဝန်းကျင်ရှိကြောင်းလည်း သိရသည်။
“ဗုံးကတော့ ပေါင် ၄၀၀ ဗုံး နှစ်လုံးလို့ အကြမ်းဖျဉ်းသိရတယ်။ နောက်ပြီးတော့ စက်သေနတ်နဲ့လည်းပစ်တယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ အခြေအနေနဲနဲဆိုးဝါးတဲ့သူတွေရှိတော့ နောက်ထပ်သေဆုံးနိုင်ချေရှိတယ်လို့လည်း ကြားထားရတယ်။ ခုလောလောဆယ်ထိတော့ သတင်းအချက်အလက် ထပ်မရသေးဘူး” ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ဧရာ၀တီတိုင်းမ်ကို ပြော သည်။
ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် နေအိမ်အလုံး ၂၀ ဝန်းကျင် ပြိုကျပျက်စီးခဲ့ရပြီး သေဆုံးသူများတွင် ခဲကျင်းများတွင်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများပါဝင် ကြောင်းလည်း သိရသည်။
လက်ရှိတွင် ဖားဆောင်းမြို့၌ စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ စစ်ရေးတင်းမာနေပြီး ယမန်နေ့ ဇွန် ၂၅ ရက်နေ့ကလည်း တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မော်ချီးဒေသကိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မော်ချီးဒေသကို မကြာခဏ လေကြောင်းတိုက်ခိုက်မှုပြုလုပ် လေ့ရှိပြီး ပြီးခဲ့သည့် မေ ၁၀ ရက်နေ့ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်တွင်လည်း အရပ်သားနှစ် ဦးသေဆုံးကာ သုံး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့
#ဖားဆောင်း #မော်ချီး #ကရင်နီ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #ဒေသခံသေဆုံး #Ayeyarwaddy_Times