
ဧရာ၀တီတိုင်းမ်
(ချင်းမိုင်) ဇွန် ၂၆ ရက်
ထိုင်း-မြန်မာနယ်စပ်၊ မယ်ဟောင်ဆောင်ခရိုင်၊ ခွန်ယွမ်မြို့နယ်အနီးတွင် ယမန်နေ့ ဇွန်လ ၂၅ ရက်နေ့က ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ပြီး ဒေသတွင်းဆေးရုံများမှ လုံလောက်သည့် ကုသမှုပေးနိုင်မှု မရှိကြောင်း သိရသည်။
ထိုသို့ လုံလောက်သည့် ကုသမှုများ လုပ်ဆောင်နိုင်မှုမရှိခြင်းကြောင့် ချင်းမိုင်ရှိ နခွန်ဖင်းဆေးရုံမှ အရေးပေါ်ဆရာဝန်အဖွဲ့သည် ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင် ကူညီရန် ထွက်ခွာကြောင်း သိရသည်။
နခွန်ဖင်းဆေးရုံမှ Mini MERT အရေးပေါ်ဆရာဝန်အဖွဲ့သည် ထိုင်းလေတပ်ဌာနချုပ် (၄၁) ၏ ပံ့ပိုးမှု လေယာဉ်ဖြင့် အရေးပေါ် ကူညီရေးပစ္စည်းများ အပြည့်အစုံတင်ဆောင်ကာ မယ်ဟောင်ဆောင်သို့ စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဒေသတွင်း သတင်းများကို အဓိကထား ဖော်ပြပေးနေသည့် “ယူ” အမည်ရှိ သတင်းဌာနတွင် ဖော်ပြထားသည်။
မယ်ဟောင်ဆောင်သို့ ထွက်ခွာသွားသည့် ဆရာဝန်အဖွဲ့တွင် ဆရာဝန် နှစ်ဦး၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူ တစ်ဦး နှင့် သူနာပြု နှစ်ဦး စုစုပေါင်း ၅ ဦးပါဝင်ကြောင်း သိရသည်။
#ထိုင်းမြန်မာနယ်စပ် #တိုက်ပွဲပြင်းထန် #ချင်းမိုင်မြို့ #နခွန်ဖင်းဆေးရုံ #အရေးပေါ်ဆရာဝန်အဖွဲ့ #မယ်ဟောင်ဆောင် #MiniMERT #Ayeyarwaddy_Times