အယိုက်လင်း၊ ဧရာဝတီတိုင်းမ်
ဇွန် ၂၅ ရက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်တွင် ခိုလှုံနေကြသည့် မြန်မာစစ်ဘေးရှောင်နှစ်ဦးသည် မူးယစ်ရမ်းကားနေသည့်အတွက် မီးဇိုလူငယ်များအသင်းမှ မြန်မာပြည်ဘက်သို့ မောင်းထုတ်လိုက်ကြောင်း စစ်ဘေးရှောင်များထံမှ သိရှိရသည်။

ထိုစစ်ဘေးရှောင်နှစ်ဦးသည် ကျန်ဖိုင်ခရိုင်၊ နယူးကျန်ဖိုင် ရပ်ကွက်တွင်နေထိုင်ပြီး ၎င်းတို့သည်သည်ဓား၊ တုတ်ဖြင့် ကိုင်ဆောင်၍ ရပ်ကွက်ထဲတွင် မူးယစ်ရမ်းကား ပြဿနာများရှာနေသည့်အတွက် မောင်းထုတ်ခံရခြင်းဖြစ်သည်။

“အရက်မူးရင် ရပ်ကွက်ထဲ လမ်းသွားလမ်းလာ တွေ့သမျှ လူတွေကို ရန်ရှာတယ်။ ဘယ်သူမှ တားမရဘဲ ဓားတွေ၊ ဒုတ်တွေ ကိုင်ဆောင်ပြီး မကြာခဏ ရမ်းကားနေတယ်။ ရပ်ကွက်ထဲက လူတွေနဲ့ မကြာခဏ ရန်ဖြစ်တယ်။ ဒါတွေကြောင့် ဒေသခံတွေက လူငယ်အဖွဲ့တွေဆီ တိုင်ကြားပြီး နှင်ထုတ်လိုက်တာပါ” ဟု ကျန်ဖိုင်ခရိုင်ရှိမြန်မာစစ်ဘေးရှောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

နှင်ထုတ်ခံရသည့် မြန်မာစစ်ဘေးရှောင်နှစ်ဦးသည် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှ အသက် (၃၇) နှစ်အရွယ် ဆလိုင်း လာလ်မှာချောန် နှင့် အသက် (၂၀) နှစ်အရွယ် ဆလိုင်း မာန်းကာရ်ထန်းတို့ဖြစ်ပြီး ၎င်းတို့သည် ဖလမ်းမြို့နယ် တိုက်ပွဲကြောင့် ကျန်ဖိုင်ခရိုင်တွင် ထွက်ပြေးစစ်ဘေးရှောင်လာကြသူများဖြစ်ကြောင်း သိရသည်။

ထိုစစ်ဘေးရှောင်နှစ်သည် လာမည့် ဇွန်လ ၂၈ ရက်နေ့ မတိုင်မီတွင် မီဇိုရမ်ပြည်နယ်မှ ထွက်ခွာပြီး မြန်မာပြည်ဘက်ကို ပြန်သွားရမည်ဖြစ်ကြောင့် မီးဇိုလူငယ်အသင်းမှ အသိပေးထားသည်။

မီဇိုရမ်ပြည်နယ်ရှိ မြန်မာစစ်ဘေးရှောင်များသည် နေထိုင်သည့်ကာလ ကြာမြင့်လာသည်နှင့်အမျှ ဒေသခံသကဲ့သို့ နေထိုင်ကြပြီး ထုတ်ပြန်ထားသည့်စည်းမျဥ်း၊ စည်းကမ်းများကိုလည်း လိုက်နာဆောင်ရွက်မှု အားနည်းလာကြသည်။

“မီဇိုရမ်ဘက်ကလူတွေက အရက်သောက်စားတာ မကြိုက်ဘူး။ တားမြစ်ထားတယ်။ မြန်မာစစ်ဘေးရှောင်တွေလည်း အရင်ကတော့ လိုက်နာကြပေမယ့် နေလာတဲ့ကာလ ကြာလာတာနဲ့ မိမိကျေးရွာမှာနေထိုင်သလိုပဲ နေကြတယ်။ အရက်တွေ သောက်စားတက်လာတယ်။ ထုတ်ပြန်စည်းကမ်းချက်တွေလည်း မလိုက်နာကြဘူး” ဟု ကျန်ဖိုင်ခရိုင်ရှိမြန်မာစစ်ဘေးရှောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့ကလည်း ကျန်ဖိုင်ခရိုင်ရှိ နယူးကျန်ဖိုင် ရပ်ကွက်တွင် မူးယစ်ရမ်းကား ပြဿနာရှာသည့် မြန်မာစစ်ဘေးရှောင် တစ်ဦးကိုလည်း မီးဇိုလူငယ်အသင်း မှ မောင်းထုတ်ခဲ့သည့်ဖြစ်စဥ်လည်းရှိခဲ့သည်။

ကျန်ဖိုင်ခရိုင်သည် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းမှ မြန်မာစစ်ဘေးရှောင် ထောင်နှင့်ချီနေထိုင်သည့် အိန္ဒိယ – မြန်မာနယ်စပ်တွင်ရှိ မြို့နယ်တစ်ခုလည်းဖြစ်သည်။

ချင်းပြည်နယ်ရှိ နယ်မြေအများစုကို တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်ထားနိုင်သော်လည်း မီဇိုရမ်ပြည်နယ်ရှိ မြန်မာစစ်ဘေးရှောင်များသည် စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်အတွက် နေရပ် ပြန်လာနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

ပုံစာ- နှင်ထုတ်ခံရသည့်မြန်မာစစ်ဘေးရှောင်နှစ်ဦးကို တွေ့ရစဥ်။(ဓာတ်ပုံ-လူမှုကွန်ရက်)

#မီဇိုရမ် #မူးယစ်ရမ်းကား #မြန်မာစစ်ဘေးရှောင်၂ဦး #မောင်းထုတ်ခံရ #Ayeyarwaddy_Times