
ဧရာဝတီတိုင်းမ်
(ပဲခူး)၊ ဇွန် ၂၅ ရက်
ပဲခူးတိုင်းဒေသကြီးအတွင်း ရန်ကုန် – မန္တလေး အမြန်လမ်းဟောင်းပေါ်ရှိ ညောင်လေးပင်၊ ကျောက်တံခါး၊ ဖြူးမြို့နယ်များမှ စစ်ကောင်စီလက်အောက်ခံ တပ်စခန်း ကိုး ခု ကို ယနေ့ဇွန် ၂၅ ရက်နေ့၊ နံနက်အစောပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တပြိုင်နက် ဝင်ရောက်တိုခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထံမှ သိရသည်။
ရန်ကုန် – မန္တလေး အမြန်လမ်းဟောင်းတစ်လျှောက်ရှိ စစ်ကောင်စီ၏ကာကင်းစခန်းများကို ဝင်ရောက်တိုက် ခိုက်ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံးကာ ရဲအုပ်တစ်ဦးအပါအဝင် စစ်သုံ့ပန်း သုံး ဦးအရှင်ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။
“စစ်ကောင်စီ ကတော့ ပိတ်ဆို့စစ်ဆေးမှုနဲ့ အင်အားဖြည့်တင်း အလောင်းကောက်တာတွေတော့ရှိပါတယ်။ လက်နက်ကြီး ရွာတွေကို ရည်ရွယ်ချက်ရှိရှိလိုက်ပစ်တာ ဒရုန်းချတိုက်ခိုက်တာ တစ်နေ့လုံးရှိပါတယ်” ဟု ပဲခူးတိုင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ခေတ္တခဏ အသွားအလာပိတ်ပင်ခြင်းရှိသော်လည် ယခုအခါခရီးသွားများအနေဖြင့် ရန်ကုန် – မန္တလေး အမြန်လမ်းဟောင်းတွင် ပုံမှန်အတိုင်းသွားလာမှုများရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။
တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် တစ် ဦး ကျဆုံးခဲ့ရပြီး နှစ် ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့များထံမှ လက်နက်ကြီး၊ လက်နက်ငယ် စုစုပေါင်း ၁၆ လက် အပါအဝင် ခဲယမ်းများ၊ စစ်သုံးဆက်စပ်ပစ္စည်း အများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ယခုတိုက်ခိုက်မှုများကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန(ပဲခူး)၊ ဗျူဟာ-၂၄ အာဠာဝကတပ်ရင်း၊ အမှတ်-၃၅၀၃ တပ်ရင်း၊ ဖြူး(ပကဖ)၊ ဗျူဟာ-၂၅ အမှတ်-၃၇၀၂ တပ်ရင်း၊ Spring Warriors Column၊ KNLA တပ်ရင်း-၉၊ ဗျူဟာ-၂၆ တော်ဝင်ဒေါင်းတပ်ရင်း၊ တောကျီးကန်းတပ်ရင်း တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
#ပဲခူး #အမြန်လမ်းဟောင်း #စစ်ကောင်စီစခန်း #တိုက်ခိုက်ခံရ #သေဆုံး #လက်နက်ခဲယမ်းရရှိ #Ayeyarwaddy_Times