ဧရာဝတီတိုင်းမ်
ဇွန် ၂၅ရက်

တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူတွင် စစ်ကောင်စီက ကုန်တင်သွင်းခွင့် တားမြစ်လိုက်သည့်အတွက် ဒေသခံများ ရိက္ခာပြတ်လပ်ကာ ကုန်ဈေးနှုန်းလည်း ကြီးမြင့်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် ၁၆ရက်နေ့က ကျောက်ဖြူမြို့ ခလရ-၃၄ တပ်ရင်းအတွင်းကို အာရက္ခတပ်တော် (AA) က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲပြီးနောက် စစ်ကောင်စီက မြို့နယ်အတွင်း ကုန်စည်ဝယ်ယူခွင့်ကို ပိတ်ပင်တားမြစ်လိုက်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ကျောက်ဖြူမြို့နယ်တွင် ဆန်ကြမ်းတစ်အိတ်ကို ကျပ်ငွေ တစ်သိန်း မှ နှစ်သိန်း အထိ ပေးဝယ်နေရပြီး ဆန်ချောတစ်အိတ်လျှင် သုံးသိန်းနီးပါး ပေးဝယ်နေရကြောင်း ဒေသခံများထံမှ သိရသည်။

“ကြက်ပေါင်တစ်ချောင်းကို ရှစ်ထောင် ကနေ တစ်သောင်းကြားပေးရတယ်။ မြို့အတွင်းထိ လက်နက် သံတွေ ကြားရကတည်းက ပြေးတဲ့သူတွေပြေးကုန်ကြတယ်။ ပိတ်မိကျန်ခဲ့သူတွေက ကုန်ဈေးနှုန်း ဒဏ်ခံနေရပါတယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အသားငါးဈေးနှုန်းများမှာလည်း အဆမတန်မြင့်တက်နေပြီး ဝက်သား တစ်ပိဿကို ခြောက်သောင်း အထိဈေးမြင့်တက်နေသည့်အတွက် ဒေသခံများ စားသောက်ရေး ခက်ခဲလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီက ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင်မြို့တို့ကို ပိတ်ဆို့ကာ ခံစစ်မြို့များအဖြစ် စစ်ပြင်ဆင်မှုများပြုလုပ်ထားပြီး လက်ရှိတွင် ကျောက်ဖြူမြို့နယ်ရှိ ရဲတပ်ရင်း ၃၂၊ ခမရ ၅၄၂၊ ခမရ ၅၄၃တို့တွင်တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်
#ကျောက်ဖြူ #စစ်ကောင်စီ #ကုန်တင်သွင်းခွင့် #တားမြစ် #ရိက္ခာပြတ်လပ် #Ayeyarwaddy_Times