ဧရာ၀တီတိုင်းမ်
ဇွန် ၂၅ ရက်

ပဲခူးတိုင်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ညောင်လေးပင်မြို့နှင့် ကျောက်တံခါးမြို့ကြား တော်ဝိကျေးရွာတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီစခန်းတစ်ခုကို ယနေ့ ဇွန်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

တော်ဝင်ဒေါင်းတပ်ရင်းနှင့် တောကျီးကန်းတပ်ရင်းတို့ ပူးပေါင်းအဖွဲ့သည် အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသည့် အဆိုပါစခန်းကို နံနက် ၁ နာရီအချိန်တွင် စတင်တိုက်ခိုက်ခဲ့ပြီး နံနက် ၂ နာရီတွင် အပြီးသတ် ချေမှုန်းနိုင်ခဲ့ကြောင်း တောကျီးကန်းစစ်ကြောင်း က ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ၁၃ ဦး သေဆုံးခဲ့ကာ သုံး ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ကျန်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ စခန်းကိုစွန့်ခွာ ထွက်ပြေးသွားခဲ့သောကြောင့် ၎င်းတို့ထံမှ လက်နက်ခဲယမ်းများနှင့် အခြားစစ်ဘက်ဆိုင်ရာ ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့ထံမှ သိရသည်။

ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များမှာ စစ်ကောင်စီစခန်းကို အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့ပြီး အထိအခိုက်၊ အကျအဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဤစစ်ဆင်ရေးကို ဗျူဟာ (၂၆) ၏ ကွပ်ကဲမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့တွင် ကျဆုံးသွားသော ရဲဘော်ကျော်စွာအား ဂုဏ်ပြုသောအားဖြင့် “ကျော်စွာစစ်ဆင်ရေး” အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-တောကျီးကန်း
ပုံစာ-ဖမ်းဆီးရမိသောစစ်သုံ့ပန်းများနှင့်သိမ်းဆည်းမိသည့်လက်နက်ခဲယမ်များကိုတွေ့ရစဉ်။
#ညောင်လေးပင် #ကျောက်တံခါး #တော်ဝိကျေးရွာ #စစ်ကောင်စီစခန်းသိမ်းပိုက် #၁၃ဦးသေဆုံး #၃ဦးဖမ်းဆီး #Ayeyarwaddy_Times