ဧရာဝတီတိုင်းမ်
ဇွန် ၂၅ ရက်

ဗန်းမော်တိုက်ပွဲသို့ စစ်ကူပို့ရန် မြေပြင်ထောက်ပို့လမ်းကြောင်းများ ပိတ်ဆို့ခံထားရသည့် စစ်ကောင်စီက ရေကြောင်းမှ အင်အားဖြည့်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန် ၂၁ ရက်နေ့က ဝါးခယ်မမြို့နယ်မှနေ၍ ဧရာဝတီမြစ်ကြောင်းအတိုင်း စစ် သင်္ဘော ၁၂ စီးကို ဗန်းမော်သို့ ဦးတည်စေလွှတ်ခဲ့ကြောင်း သိရသည်။

“စစ်သင်္ဘောတွေ ညောင်ဦးနယ်ကိုဖြတ်နေပြီ။ သံချပ်ကာယာဉ်တွေကအစ သင်္ဘောနဲ့တင်လာတာ။ ဗန်းမော်မြို့ကို တောက်လျှောက်တက်မယ့် သဘောရှိတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြော သည်။

ယမန်နေ့ ဇွန် ၂၄ ရက်တွင် စလင်းမြို့နယ်အတွင်းသို့ အဆိုပါစစ်ရေယာဉ် ၁၂ စီး ရောက်ရှိလာပြီး သံပုရာကန်နှင့် ကေနံချောင်းမြို့တို့တွင် ညအိပ်ရပ်နားခဲ့ကြောင်း သိရသည်။

လေကြောင်းမှ စစ်ကူပို့ အင်အားဖြည့်ခြင်းပြုလုပ်ခဲ့သော်လည်း ရဟတ်ယာဉ်နှင့် တိုက်ခိုက်ရေး လေယာဉ်များကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပစ်ချနိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ ရေကြောင်းမှပါ စစ်ကူပို့ရန် ကြိုးစားနေခြင်းဖြစ် ကြောင်း သိရသည်။

ရေယာဉ်များပေါ်တွင် ရိက္ခာ၊ လက်နက်ခဲယမ်းနှင့် အင်အားဖြည့် စစ်ကူအဖွဲ့များအပြင် သံချပ်ကာယာဉ်များကိုပါ တင်ဆောင်လာပြီး စစ်သင်္ဘောများ ထွက်ခွာစဉ် ထီးချိုင့်၊ ကသာ၊ ရွှေကူမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တပ်ဖြန့် လှုပ်ရှားမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့မှ စတင်ခဲ့သော ဗန်းမော်တိုက်ပွဲသည် ပြီးခဲ့သည့် မေလအတွင်းက တိုက်ပွဲ အပြင်းအထန်ပြန်လည်ဖြစ်ပွားခဲ့ပြီး အနည်းငယ်ပြန် လည်ငြိမ်သက်သွားကာ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီဘက်က စစ်ကြောင်းထိုးမှုများရှိလာကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ဩဂုတ်လအတွင်းက ဗန်းမော်သို့ စစ်ကူဖြည့်ရန် ချီတက်လာသည့် စစ်သင်္ဘောများကို ထီးချိုင့်နှင့် ကသာမြို့နယ်အရောက်တွင် KIA ပူးပေါင်းတပ်က ဖျက်ဆီးနိုင်ခဲ့ပြီး စစ်သင်္ဘော ရှစ် စီးအနက် တစ်စီးသာ ဗန်းမော်မြို့သို့ ရောက်ရှိခဲ့သည်။

#ကချင် #ဗန်းမော် #စစ်ကောင်စီ #စစ်ကူ #ရေကြောင်း #ပို့ဆောင် #Ayeyarwaddy_Times