နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၂၅ ရက်

အာဏာသိမ်း စစ်ကောင်စီ၏ ဗုံးကြဲဒဏ်ကို ခံနိုင်သော မြေအောက်ဆေးရုံ၊ဆေးခန်း တည်ဆောက်မည့်ကမ်ပိန်းမှာ လက်ရှိတွင် သတ်မှတ်ရာခိုင်နှုန်းထက် ကျော်လွန်ရရှိထားကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးထံမှ သိရသည်။

NUG ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူလူထုကို လုံခြုံစွာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန် ဆေးရုံ ရှစ် ရုံအထိ ဆောက်လုပ်နိုင်ရေး လျာထားသော Safe Hospital, Safe Healthcare ကမ်ပိန်းကို ပြီးခဲ့သည့် မေလကတည်းက ပြုလုပ်နေကြောင်း သိရသည်။

“အခုဒီကမ်ပိန်းက ၁၁၀ ရာခိုင်နှုန်း နီးပါးလောက်တော့ ရရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့် ကမ်ပိန်းပိတ်မယ့် ကာလအထိ ဆက်လက်ပြီး ပါဝင်ပေးကြဖို့ ကျွန်တော်တို့က တောင်းဆိုလိုပါတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

သတ်မှတ်ရာထားသည့် ငွေထက် ပိုမိုရပါက ဘေးကင်းလုံခြုံသော ဆေးရုံများ ပို​၍တည်ဆောက်နိုင်မည် ဖြစ်သောကြောင့် ရာခိုင်နှုန်း ပြည့်သွားသော်လည်း ထပ်မံပါဝင်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း ဦးနေဘုန်းလတ်က ဆိုသည်။

အဆိုပါကမ်ပိန်းကို ပြီးခဲ့သည့် မေ ၂၄ ရက်မှစ၍ ယခုလဇွန် ၃၀ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄ သိန်း ရည်မှန်း၍ ဆေးရုံ ရှစ် ရုံအထိ ဆောက်လုပ်နိုင်ရန် လျာထား​ကာ လက်ရှိတွင် မြေအောက်ဆေးရုံ နှစ် ရုံ စတင်ဆောက်လုပ်နေလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် စာသင်ကျောင်းများကိုသာမက ဆေးရုံ၊ ဆေးခန်းများကိုပါ တနေ့တခြား ပစ်မှတ်ထား တိုက်ခိုက်နေသောကြောင့် NUG ကျန်းမာရေးဝန်ကြီးဌာနက ကမ်ပိန်းပြုလုပ်ကာ ထိုကဲ့သို့ ဆောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဗုံးကြဲဒဏ်ခံနိုင်သော မြေအောက်ဆေးရုံ နှစ် ရုံကို မည်သည့်နေရာဒေသတွင် တည်ဆောက်နေခြင်းနှင့် နောက်တိုးထပ်မံ တည်ဆောက်နေမှုများ ရှိမရှိကိုမူ မြေပြင်လုံခြုံရေးအရ ပြော၍မရသေးကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဆိုသည်။

#မြေအောက်ဆေးရုံဆေးခန် #ကမ်ပိန်း #သတ်မှတ်ရာခိုင်နှုန်း #ကျော်လွန်ရရှိ #NUG #Ayeyarwaddy_Times