ဧရာဝတီတိုင်းမ်
(ဖယ်ခုံ)၊ ဇွန် ၂၅ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်း အရှေ့ဘက်ခြမ်းကျေးရွာများအနက် တစ်ခု ဖြစ်သည့် ဆောင်နန်းခဲရွာကို ယမန်နေ့ ဇွန် ၂၄ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီနှင့် PNO/PNA ပအိုဝ်းပြည်သူ့စစ်များ ပါဝင်သည့် စစ်ကြောင်းမှာ ဆောင်နန်းခဲရွာဘက်သို့ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများအပြင်မြေပြင်မှနေ၍ပါ စစ်ကြောင်းထိုးလာပြီးနောက် ရွာလုံး ကျွတ်နီးပါကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“PNA ပြည်သူ့စစ်နဲ့ စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်းပါ။ အင်အားများတယ်။ တိုက်ပွဲကတော့ မနေ့ည (ဇွန်၂၄ရက်) က ပြန်ငြိမ်သွားပြီ။ ရန်သူတွေက ဆောင်နန်းခဲမှာရှိနေသေးတယ်။ ခုတော့ စစ်ရေးအရှိန်မြင့် နေပြီး အချိန်မရွေး ထိတွေ့မှုဖြစ်နိုင်ပါတယ်” ဟု အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ ဆောင်နန်းခဲရွာဘက်သို့ ပြီးခဲ့သည့် ဇွန် ၂၃ ရက်နေ့တွင် စစ်ကြောင်းထိုးလာခြင်းဖြစ်ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိမီးရှို့ခံခဲ့ရသည့် ဆောင်နန်းခဲရွာသည် နေအိမ် ၆၀ ဝန်းကျင်ရှိ ကျေးရွာတစ်ရွာဖြစ်ပြီး ဒေသ ခံများမှာ စစ်ဘေးရှောင်တိမ်နေကြသည်မှာ နှစ်ပတ်(၁၄ရက်) ဝန်းကျင်ရှိပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီနှင့် PNOပြည်သူ့စစ်များသည် ပြီးခဲ့သည့် ဇွန် ၂ ရက်နေ့ကလည်း ဖယ်ခုံ နှင့် ညောင်ရွှေနယ်စပ်ရှိ ကျေးရွာများကို အင်အား ၁၀၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာပြီး ဘုရားတောင်နှင့် ရေပူကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – Kayan Region Leftist Youths
#ဖယ်ခုံ #ကရင်နီ #ဆောင်နန်းခဲ #စစ်ကောင်စီ #PNO #စစ်ကြောင်းထိုး #မီးရှို့ #Ayeyarwaddy_Times