
ဧရာဝတီတိုင်းမ်
ဇွန် ၂၅ ရက်
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေး ရွာအနီးရှိ လက်သမားကျေးရွာကို စစ်ကောင်စီက စစ် ကြောင်းထိုး ဝင်ရောက်တပ်စွဲခဲ့ကြောင်း သိရသည်။
လက်သမားကျေးရွာရှိ ခရစ်ယာန်ဘုန်းတော်ကြီးကျောင်းတွင် အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်း တပ်များ တပ်စွဲနေသည်ဆိုသည့် သတင်းမှားပေးမှုကြောင့် စစ်ကောင်စီနှင့် ၎င်းတို့လက်အောက်ခံ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်များပူးပေါင်း၍ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ရွာကိုဝင်စီးတာ ဒလန်တွေရဲ့ သတင်းပေးမှားတာကြောင့် ဝင်လာလာတာလို့ သိရတယ်။ အိုင်သပြုစစ်စခန်းနဲ့ နီးနေတော့ AA တွေတပ်စွဲနေတယ်ဆိုပြီး အင်အားသုံး စစ်ကြောင်းထိုးဝင် လာတာ”ဟု အိုင်သပြုဒေသခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လေးမျက်နှာမြို့နယ်ရှိ ကျေးရွာအများစုမှာ စစ်ကောင်စီသတင်းပေးများ၏ မှားယွင်းသတင်းပေးမှု များကြောင့် လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ခံနေရပြီး လေးမျက်နှာမြို့နယ် ရှမ်းကွင်းနှင့် ဇရစ်ရိုးစမ်းကျေးရွာများမှ ဒေသခံများ ဗုံးထိမှန်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက လှော်ကထားကျေးရွာပတ်ဝန်းကျင်ကို စစ်ရေးနယ်မြေအဖြစ် သတ်မှတ်လိုက်ပြီး ကုန်းလမ်းများ အဝင်အထွက်ကို ပိတ်ဆို့တားမြစ်လိုက်ပြီး ရေ လမ်းကိုလည်း အစစ်ဆေးတင်းကျပ် ထားကြောင်း သိရသည်။
အိုင်သပြုကျေးရွာရှိ စစ်ကောင်စီစခန်းကိုလည်း ဒေသခံများက ရိက္ခာနှင့် ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ပေးနေရကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန် ၂၀ ရက်နေ့က လက်သမားကျေးရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီပူးပေါင်းတပ်မှာ ဘုရားကျောင်းအတွင်းရှိ ဒေသခံအချို့ကို ဖမ်းဆီးနှိပ် စက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
#ဧရာဝတီတိုင်း #လေးမျက်နှာ #အိုင်သပြု #စစ်ကောင်စီ #စစ်ကြောင်းထိုး #Ayeyarwaddy_Times