
ဧရာဝတီတိုင်းမ်
ဇွန် ၂၅ ရက်
စာရေးဆရာ ငြိမ်းအေးအိမ် ငယ်နာမည် မောင်ကျော့ဦး (ခေါ်) ဗမာပြည်ကွန်မြူနစ်ပါတီဝင်(ဗကပ) ဒုတိယဗိုလ်မှူးကြီး ဦးငြိမ်းအေး (ကချင်အထူးဒေသ-၁) ၊ အသက် (၆၉) နှစ် ၏ ဈာပနအခမ်းအနားကို ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုသာန်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ငြိမ်းအေးအိမ်သည် အစာပြွန်ကင်ဆာဖြင့် ကွယ်လွန်ခဲ့ခြင်း ဖြစ်ပြီး ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူနှင့် အတူ သမီးတစ်ဦး၊ မြေးတစ်ဦး ကျန်ရစ်ခဲ့သည်။
🟥ထူးခြားသောဘဝဖြတ်သန်းမှု
စာရေးဆရာ ငြိမ်းအေးအိမ်သည် ထားဝယ်တိုင်းရင်းသား ဖြစ်ပြီး ၁၉၅၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ထားဝယ်မြို့၊ အထက်ကဝပ်တံငါရွာ၌ မွေးဖွားခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ထားဝယ် အထက (၁) မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။
၁၉၇၆ ခုနှစ်တွင် ရန်ကုန်မြို့ရှိ စက်မှုလက်မှုသိပ္ပံ (အင်းစိန်) တွင် လျှပ်စစ် (ပါဝါ) ဘာသာရပ် ဝင်ခွင့်အောင်မြင်ပြီးချိန်တွင် မှိုင်းရာပြည့် အထိမ်းအမှတ်သပိတ်ကော်မတီ၌ ဦးဆောင်ပါဝင်ခဲ့သဖြင့် အရေးပေါ်စီမံမှုအက်ဥပဒေပုဒ်မ ၅(ည) ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသည်။
၁၉၈၀ ပြည့်နှစ်တွင် အိမ်ထောင်ကျပြီး ကျူရှင်ဆရာအဖြစ် အသက်မွေးလိုခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားများအတွက် ကန့်သတ်ချက်များ ရှိခဲ့သောကြောင့် ၁၉၈၅ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည်။
၁၉၈၉ ခုနှစ်နောက်ပိုင်း စစ်အစိုးရနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဆွေးနွေးနေချိန်တွင် ၁၉၉၅ ခုနှစ်၌ ရန်ကုန်မြို့သို့ တာဝန်ဖြင့် ပြန်လည်ရောက်ရှိလာခဲ့သည်။
🟥စာပေနယ်ပယ်မှလက်ရာများ
ငြိမ်းအေးအိမ်သည် ၁၉၉၄ – ၁၉၉၅ ခုနှစ်တွင် သရဖူမဂ္ဂဇင်း၏ ထုတ်ဝေသူနှင့် အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်ခဲ့ပြီး ၎င်း၏ စာပေလက်ရာများမှာ ထင်ရှားကျော်ကြားခဲ့သည်။
စာရေးဆရာ ငြိမ်းအေးအိမ်၏ ပထမဆုံး လုံးချင်းဝတ္ထုမှာ “ပွဲတော်ညမုဆိုးများ ဝတ္ထုတိုစုစည်းမှု” (၁၉၉၆) ဖြစ်ပြီး ပထမဆုံး အချစ်လုံးချင်းဝတ္ထုရှည်မှာ “အဝါရောင်ဆောင်းရက်များ၏ မိုးစက်ပုံပြင်” (၂၀၀၅) ဖြစ်သည်။
ထို့ပြင် ကချင်ပြည်နယ် အထက်ပိုင်း ဝေးလံခေါင်သီသော အီမောဘွမ်တောင်ဒေသရှိ လူမျိုးစုများနှင့် အီမောဘွမ်တောင် သဘာဝပတ်ဝန်းကျင်အကြောင်း ရေးသားထားသည့် “ညို့ငင်တောင်” (၂၀၁၂) စာအုပ်အပါအဝင် စာအုပ်ပေါင်း ၂၀ နီးပါး ရေးသားခဲ့သူဖြစ်သည်။
ဓာတ်ပုံ – ကိုရဲ၊ မျိုးမြန်မာ
#စာရေးဆရာငြိမ်းအေးငြိမ် #ဈာပနာအခမ်းအနားပြုလုပ် #ဗကသအဖွဲ့ဝင်နိုင်ငံရေးအကျဉ်းသား #Ayeyarwaddy_Times