
ဧရာဝတီတိုင်းမ်
ဇွန် ၂၅ ရက်
ဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာကို လွှတ်တော်တွင်း အယုံအကြည်မရှိအဆို တင်သွင်း ဖို့ ကြိုးပမ်းမယ်လို့ ပြီးခဲ့တဲ့အပတ်အတွင်း ထိုင်း အာဏာရညွန့်ပေါင်းအစိုးရအဖွဲ့မှ နှုတ်ထွက်ခဲ့တဲ့ ဘွန် ဂျိုင်ထိုင်းပါတီက ပြောပါတယ်။
အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံနဲ့ နယ်စပ်အငြင်းပွားမှု ကိုင်တွယ်ပုံနဲ့ပတ်သက်လို့ ပြည်သူတွေရဲ့ ဖိအားပေးမှုခံနေရတဲ့ အသက် ၃၈ နှစ်အရွယ် ပေထောင်တန်အတွက် လာမယ့်အပတ် လွှတ်တော်တွင်း အဆိုတင်သွင်းမှုဟာ ပထမဆုံး လွှတ်တော်ဆိုင်ရာ စမ်းသပ်မှု ဖြစ်လာပါမယ်။
သူ့ရဲ့အပြုအမူကို စုံစမ်းစစ်ဆေးဖို့ အထက်လွှတ်တော်အမတ်တွေပါတဲ့ အဖွဲ့တစ်ဖွဲ့က ဖွဲ့စည်းပုံ ဆိုင်ရာခုံရုံးနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ထံ တိုင်တန်းမှုကြောင့် ပေထောင်တန်ဟာ တရား ရေးဆိုင်ရာ စစ်ဆေးမှု ရင်ဆိုင်နေရပါတယ်။
ဖွဲ့စည်းပုံဆိုင်ရာခုံရုံးနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေကြောင့် သူဟာ ရာထူးမှ ဖယ်ရှားခံရနိုင်ပါတယ်။ အစိုးရဆန့်ကျင်ရေးအဖွဲ့တွေကလည်း ပေထောင်တန်ကို ရာထူးမှနှုတ် ထွက်ဖို့ တောင်းဆိုမယ့် ဆန္ဒပြပွဲတစ်ခုကို ဇွန်လ ၂၈ ရက်မှစပြီးပြုလုပ်ဖို့ စီစဉ်နေပါတယ်။
“ဝန်ကြီးချုပ်ကို အယုံအကြည်မရှိအဆိုတင်သွင်းဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်။ အခြား အတိုက်အခံပါတီတွေက အဆိုပါကိုထောက်ခံဖို့ ဖိတ်ခေါ်ပါတယ်” လို့ ဘွန်ဂျိုင်ထိုင်းပါတီရဲ့ ပြောရေးဆို ခွင့်ရှိသူ ဆွန်ချိုင်းက ပြောပါတယ်။
ဘွန်ဂျိုင်ထိုင်းပါတီက အမတ်နေရာ ၆၉ နေရာရှိပြီး လွှတ်တော်က ဇူလိုင်လ ၃ ရက်မှာ လွှတ် တော်ပြန်ခေါ်ချိန် အယုံအကြည်မရှိ အဆိုတင်သွင်းဖို့ အခြားလွှတ်တော်အမတ် ၃၀ ဉီးရဲ့ ထောက်ခံမှု လို အပ်မှာဖြစ်ပါတယ်။
လွှတ်တော်အမတ်ထက်ဝက်ကျော်ရဲ့ ထောက်ခံမှုရရှိထားလို့ ထိုင်းအစိုးရအဖွဲ့က မစိုးရိမ်ဘူးလို့ ခရီးသွားလာရေးဝန်ကြီးနဲ့ ဖူထိုင်းပါတီ အထွေထွေအတွင်းရေးမှူး ဆိုရာဝေါင်က ပြောပါတယ်။
“ကျွန်တော်တို့ မစိုးရိမ်ပါဘူး။ ဒါက အတိုက်အခံတွေရဲ့အလုပ်ပဲလေ” လို့ သူက ဆိုပါတယ်။
ညွန့်ပေါင်းအစိုးရအဖွဲ့က အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းရေးကို ဖြေရှင်းခဲ့ပြီး ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံတန်ကြေးရှိ အခြေခံအဆောက်အအုံ စီမံကိန်းတွေကို အတည်ပြုခဲ့တယ်လို့ ပေထောင်တန်က ပြောပါတယ်။
“ပါတီခေါင်းဆောင်အားလုံးကို ကျွန်မ ပြောပြီးပါပြီ။ ညွန့်ပေါင်းပါတီတွေဟာ အပြည့်အဝ ထောက်ခံမှု ရရှိထားပါတယ်” လို့ ၎င်းက ဆိုပါတယ်။
ကိုးကား – Reuters
Ref; Thai Bhumjaithai party plans no confidence vote against embattled PM
#Ayeyarwaddy_Times