
ဧရာဝတီတိုင်းမ်
ဇွန် ၂၅ ရက်
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားသည့် ရှမ်းမြောက်၊ နောင်ချိုရှိ တောင်ခမ်းဒေသကို စစ်ကောင်စီက အပြင်းအထန်ဗုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ယမန်နေ့ ဇွန် ၂၄ ရက် နံနက်ပိုင်းမှစတင်ကာ ကံကြီးရွာ၏ အနောက်မြောက်ဘက် နောင်ရဲကျေးရွာအနီးရှိ လုံဝယ်ဒေသကို လေကြောင်းမှအဓိကထား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“မနေ့က မနက်ကတည်းကနေ ဗုံးတွေဆက်တိုက်ကြဲတာ နေ့ခင်းမှာ တိုက်ပွဲငြိမ်သွားတယ်။ ဗုံးနဲ့ ဒရုန်းတွေနဲ့ကတော့ ဆက်တိုက် ညအထိကြဲတာ။ ဗုံးအလုံးပေါင်း ၈၀ ကျော်တယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရွှေသွန်းကျေးရွာအနီးတွင်လည်း စစ်ကောင်စီနှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နေ့ခင်းအချိန်တွင် တိုက်ပွဲခေတ္တငြိမ်သက်သွားကြောင်း သိရသည်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာနှင့် အနီးဝန်းကျင်သို့ ပေါင် ၅၀၀ ဗုံးနှင့် ပေါင် ၃၀၀ ဗုံးအပါအဝင် ဗုံးအလုံး ပေါင်း ၈၀ ကျော်ကို Y 12၊ ဂျက်ဖိုက်တာတို့ဖြင့် ကြဲချ တိုက်ခိုက်ခဲ့ကြောင်း DPLA က ထုတ်ပြန်ထားသည်။
စစ်ကောင်စီက တောင်ခမ်းမှ နောင်ချိုဘက်သို့ အင်အားထောင်ချီသုံးပြီး စစ်ကြောင်းထိုးနေကာ လက်နက်ကြီး၊ ဒရုန်းဗုံးနှင့် လေကြောင်းအသုံးပြုနေသော်လည်း စစ်ရေးအရ ထိရောက်မှုမရှိကြောင်း စစ်သတင်းရင်းမြစ်က ဆိုသည်။
စစ်ကောင်စီသည် ယမန်နေ့ ည ၇ နာရီခန့်ကလည်း နောင်ချိုမြို့ အရှေ့တောင်ဘက်ခြမ်းကို ဗုံးကြဲချ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- DPLA
#ရှမ်းမြောက် #နောင်ချို #ဗုံး၈၀ကျော်ကြဲချ #တိုက်ပွဲပြင်းထန် #DPLA #Ayeyarwaddy_Times