
ဧရာဝတီတိုင်းမ်
ဇွန် ၂၅ ရက်
ယခုမိုးရာသီကာလအတွင်း မြို့ကြီးအချို့တွင် ကလေးသူငယ်များအပါအဝင် လူကြီးများ၌ပါ ဝမ်းပျက်ဝမ်းလျှော ရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါများ ဖြစ်ပွားနေကြောင်း သိရသည်။
ရန်ကုန်တိုင်းတွင် ပြီးခဲ့သည့် ဇွန် ၁ မှ ၂၂ ရက်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၁၉၈ ဦး၊ ပဲခူးတိုင်းတွင် လေး ဦး၊ ဧရာဝတီတိုင်းတွင် တစ်ဦး ရှိခဲ့ပြီး ပဲခူးတိုင်းတွင် ကာလဝမ်းရောဂါ( ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်သူ) ဖြစ်ပွားသူ သုံး ဦးရှိကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
လက်ရှိတွင် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မန္တလေး၊ တနင်္သာရီ၊ မကွေးတိုင်းများနှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု အခြေအနေများကို စောင့်ကြည့်လျက်ရှိကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုထားသည်။
“ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ လူမှုကူညီရေးအသင်းရဲ့ ဖုန်းနံပါတ် ကပ်ထားတယ်။ ဝမ်းပျက် ဝမ်းလျှောဖြစ်ရင် ချက်ချင်းဆက်သွယ်ဖို့ အကြောင်းကြားခိုင်းတယ်။ အရင်နှစ်က အများကြီးဖြစ်ထား လို့ စားတာ၊ သောက်တာနဲ့ နေထိုင်တာ သတိထားရမယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်နေ အမျိုးသမီး တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ဖျားနာနေသော ကလေးသူငယ် ၁၀ ဦးတွင် လေးဦးခန့်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား နေပြီး ဆေးကုသမှု ခံယူနေရကြောင်း ရန်ကုန်မြို့ခံ ကလေးမိဘများ၏ ပြောကြားချက်အရ သိရသည်။
သွေးလွန်တုပ်ကွေးရောဂါသည် လူဦးရေထူထပ်ပြီး စိုစွတ်သောနေရာများတွင် အဖြစ်များကာ သွေးလွန် တုပ်ကွေးဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသည့် ခြင်ကျားကိုက်ခံရခြင်းကြောင့် ကူးစက်နိုင်သဖြင့် ခြင်ကိုက် မခံရစေရန် ဂရုစိုက်ရန် လိုအပ်ကြောင်း သိရသည်။
ယခင်က ကလေးများတွင်သာ အဖြစ်များခဲ့သော်လည်း ယခုအခါတွင် အသက် ၁၅ နှစ်အထက် လူကြီးများတွင်ဖြစ်ပွားပါက သေဆုံးမှုနှုန်း မြင့်မားနိုင်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ယခုလို မိုးရာသီကာလအတွင်း ရောဂါများ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် အစားအစာ သန့်ရှင်းရေး၊ ရေသန့်ရှင်းရေး၊ လက်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးတို့ကို အထူးဂရုပြုရန် လိုအပ်ပြီး ခြင်ပေါက်ပွားမှု လျှော့ချရန်အတွက် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းစသည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ဝမ်းပျက်ဝမ်းလျှောရောဂါ #သွေးလွန်တုပ်ကွေး #ဖြစ်ပွား #Ayeyarwaddy_Times