
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၂၄ ရက်
တနင်္သာရီတိုင်း ၊ မြိတ်မှတနင်္သာရီသို့ အင်အားအပြည့်ဖြင့်လာသော စစ်ကောင်စီကား မိုင်းဆွဲ တိုက်ခိုက် ခံရပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ ထံမှ သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်များသည် မြိတ်မြို့ဖက်မှ အင်အားအပြည့် တင်ဆောင်လာသော စစ်ကောင်စီ ယာဥ် တစ်စီးအား တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာအနီးတွင် ဇွန် ၂၄ ရက် မွန်းလွဲ ၂ နာရီခန့်က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ကားက တစ်စီးပါပဲ။ အင်အား အပြည့်နဲ့လာတယ်။ အဲဒီကားမှာက စစ်ကောင်စီတပ်သား အယောက် ၄၀ ကျော်လောက်ပါတယ်။ ကားကအကြီး။ ရမ်းဖို ရွာအနီး မှ မိုင်းဆွဲတိုက်ခိုက်ခံရတော့ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်။ မိုင်းဆွဲခံရ ပြီးတာနဲ့ ကားက တနင်္သာရီ မြို့ဘက်ကို တက်သွားတယ်။ ထိခိုက်မှုရှိတယ်”ဟု မြိတ်မြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ဂျိုးဖြူ က ဧရာဝတီတိုင်းမ်ကို ပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုအတွင်း အပြန်အလှန် ပစ်ခတ်မှု ငါးမိနစ်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဘက်မှ ထိခိုက် ဒဏ်ရာရသူများ ရှိကြောင်းသိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ ၊ ဗိုလ်ခရင်းတပ်ဖွဲ့၊ တနင်္သာရီ ပကဖ ဇုန် -၃ တို့ မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ ၊ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ
#မြိတ် #တနင်္သာရီ #အင်အားအပြည့် #စစ်ကောင်စီကား #မိုင်းဆွဲတိုက်ခိုက်ခံရ #Ayeyarwaddy_Times