ဧရာဝတီတိုင်းမ်
(တောင်ငူ)၊ ဇွန် ၂၄ ရက်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အနောက်ဘက်ခြမ်း ပဲခူးရိုးမတစ်နေရာတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီက ယမန်နေ့ ဇွန် ၂၃ ရက်နေ့တွင် စက်တပ်လေထီးများပါအသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

စစ်ကောင်စီသည် တောင်ငူမြို့နယ်အတွင်း အင်အား ၂၀၀ မှ ၃၀၀ အတွင်း အသုံးပြုကာ လှည့်လည်စစ် ကြောင်း ထိုးနေခြင်းဖြစ်ပြီး ယမန်နေ့ကဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး တော်လှန်ရေးရဲဘော်များလည်း ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့ကြောင်းသိရသည်။

“ထိတွေ့မှုတွေကတော့ နေ့တိုင်းဆက်တိုက်ဖြစ်နေပါတယ်။ သူတို့ဘက်က စက်တပ်လေထီးတွေနဲ့ပါ အသုံးပြုလာနေပါပြီ။ သူတို့ဘက်က အကျအဆုံးကတော့ အများကြီးပါ။ အမြဲတမ်း နေ့တိုင်းထိတွေ့မှုတွေဆက်တိုက်ရှိပါတယ်။ နယ်မြေလုံခြုံရေးကြောင့် သတင်းထုတ်ပြန်ဖို့ ကန့်သတ်ထားခဲ့တာပါ” ဟု တောင်ငူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တောင်ငူမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တ‌စ်လကျော်ကြာသည့်အထိ ထိတွေ့တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားနေကာ ယနေ့ ဇွန် ၂၄ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားရာဒေသအနီးတွင် လက်နက်ကြီးပစ်ခတ်မှုများရှိနေကြောင်းလည်း သိရသည်။

တောင်ငူမြို့နယ်အတွင်း ပြီးခဲ့သည့် ဇွန် ၁၇ ရက်နေ့ကလည်း တောင်ငူ-လိပ်သို လမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံခဲ့ရပြီးနောက် တပ်ဖွဲ့ဝင် ငါး ဦးသေဆုံးကာ ခဲယမ်းအများအပြားနှင့် ရိက္ခာများ သိမ်းဆည်းရမိခဲ့ကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ဓာတ်ပုံ – အင်တာနက်(ပုံဟောင်း)
ပုံစာ-စက်တပ်လေထီးနမူနာပုံစံ။

#တောင်ငူ #စစ်ကောင်စီ #တိုက်ပွဲ #စက်တပ်လေထီး #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times