
(တီးတန်)၊ဧရာဝတီတိုင်းမ်
ဇွန်လ ၂၄ ရက်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မူကို နှစ်ရက် ဆက်တိုက် ပြုလုပ်ခဲ့ပြီး အရပ်သားတစ်ဦးသေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင့် ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီသည် တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ရှိ ခိုင်ကမ်းဆင်စခန်းကို ဇွန်လ ၂၂ ရက်နေ့ညနေ ၄ နာရီတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဆင်စခန်းလုပ်သားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့သည်။
“အရင်ဆုံး ကင်းထောက်လေယာဥ်နဲ ပတ်သွားပြီး တစ်နာရီလောက်အကြာမှာ လေကြောင်းက ဗုံးကြဲသွားတာပါ။ ဘယ်နှစ်လုံး ဗုံးကြဲသွားလဲဆိုတာတော့ မသိရဘူး။ လူငယ်တစ်ယောက်တော့ ပွဲချင်းပြီး သေဆုံးသွားပါတယ်။ အမျိုးသမီးတစ်ဦးလည်း ပြင်းထန်ဒဏ်ရာရတယ်”ဟု ခိုင်ကမ်းမြို့ခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဆင်စခန်းတွင် လုပ်ကိုင်နေသည့် လူငယ်သည် အသက် ၁၆ နှစ်ခန့်သာရှိသေးပြီး ဆက်သွယ်ရေး ကားလမ်းများ ပိတ်ထားသည့်အတွက် ၎င်း၏ ရုပ်အလောင်းကို ဇာတိရွာမသယ်ဆောင်တော့ဘဲ ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့တွင် ပိမ်းပိရွာတွင် သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဒဏ်ရာရရှိသည့် အမျိုးသမီးသည် ဗုံးသီးစများ ထိမှန်ထားသည့်အတွက် ကလေးမြို့ပြည်သူ့ ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး အသက်အန္တရာယ် စိုးရိမ်နေရသည်။
အလားတူ စစ်ကောင်စီသည် ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့ ညနေ ၅ နာရီကလည်း တီးတိန်မြို့နယ် ကလေး – သိုင်းငင်း ကားလမ်းပေါ်ရှိ ထန်မွှောန်တောင်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်အတွက် အရပ်သားတစ်ဦးဒဏ်ရာရရှိခဲ့သည်။
“သိုင်းငင်းအကျော် ထန်မွှောန်တောင်ဘက်မှာ မနေ့ညနေက ဗုံးကြဲတယ်။ ခြောက်လုံးလောက် အသံကြားတယ်။ မြူတွေဆိုင်းနေတော့ ဘယ်နေရာတွေမှာကျတယ် ဆိုတာ မသိရဘူး။ ထန်မွှောန်တောင်မှာ နှစ်လုံးကျတယ်။ အရပ်သားတစ်ယောက်ဒဏ်ရာရတယ်။ လေယာဥ်အသံတွေ ကြားရပြီး လေယာဥ်လာတာ မတွေ့ရဘူး ” ဟု တီးတိန်မြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကိုင်းတိုင်း၊ကလေးမြို့မှ တီးတိန်မြို့နယ်သို့ တက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ကလေး-သိုင်းငင်းကားလမ်းပေါ်တွင် ရှိနေသေးပြီး ကလေးမြို့မှ စစ်ကောင်စီတပ်အင်အားကို မကြာသေးခင်က လာရောက်ဖြည့်တင်းထားသည်။
ထို့အပြင် ကလေးမြို့အခြေစိုက်၊ စစ်ကောင်စီ အမြောက်တပ်ရင်းမှလည်း ကလေး-သိုင်းငင်း ကားလမ်းပေါ်တွင် လက်နက်ကြီးကျည်များ ပစ်ခတ်လေ့ရှိသည်။
#တီးတိန် #လေကြောင်းဗုံးကြဲတိုက်ခိုက် #၂ရက်ဆက်တိုက်ပြုလုပ် #အရပ်သားလူငယ်သေဆုံး #Ayeyarwaddy_Times