
ဧရာဝတီတိုင်းမ်
ဇွန် ၂၄ ရက်
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအာကောင်းရာမှ အလွန်အားကောင်းနေသည့်အတွက် ယခု ဇွန် ၂၄ ရက်မှ ၂၉ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး အဓိကမြစ်ကြီးများတွင် မြစ်ရေများ မြင့်တက်လာနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ထုတ်ပြန်သည်။မိုးရွာသွန်းမှုခန့်မှန်းချက်
နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ တိုင်းများနှင့် ကချင်၊ ကရင်နီ(ကယား)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်များတို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းပြီး ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုး/ဇလက ခန့်မှန်းထားသည်။
မြစ်ရေ မြင့်တက်မှု ခန့်မှန်းချက်
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူတို့တွင် လက်ရှိရေမှတ်အထက် ၇ ပေမှ ၁၀ ပေခန့် တက်နိုင်ပြီး ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်တို့တွင် ၄ ပေမှ ၇ ပေခန့် အထိ မြင့်တက်နိုင်ကြောင်း သိရသည်။
ချင်းတွင်းမြစ်ရေသည် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ မုံရွာတို့တွင် ၈ ပေမှ ၁၂ ပေခန့် မြင့်တက်နိုင်သည်။
လက်ရှိ ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့များတွင် လက်ရှိ စိုးရိမ်ရေမှတ်အောက် ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့် ကမ်းနီးမြေနိမ့်ပိုင်းနေထိုင်သူများ ကြိုတင်သတိထားရန် မိုး/ဇလ က သတိပေးထားသည်။
ထို့အတူ အခြား မြစ်များတွင်လည်း ၁ပေခွဲမှ ၃ ပေအထိမြင့်တက်နိုင်၍ မိုးကြီးနိုင်သည့် ဒေသများရှိ ကုန်းမြင့်ဒေသအနီး နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် ရုတ်တရက်ရေကြီးရေလျှံမှုကို အထူးသတိထားရန် လိုအပ်ကြောင်း သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ယခုတစ်ပတ်မိုးသည်းထန်စွာနိုင် #တိုင်းနှင့်ပြည်နယ် #နေရာကွက်မိုးကြီး #မြစ်ရေတက်မည် #Ayeyarwaddy_Times