
ဧရာဝတီတိုင်းမ်
ဇွန် ၂၄ ရက်
စစ်ကောင်စီကွပ်ကဲနယ်မြေများတွင် ဖမ်းဆီးမှုများ ပြုလုပ်မည်ဆိုပါက ရဲတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာ စစ်ကောင်စီ တပ်ဖွဲ့ထံ ကြိုတင်အကြောင်းကြားရမည်ဟု ညွှန်ကြားချက် ထွက်ပေါ်လာပြီး ထို့သို့ အကြောင်းမကြားဘဲ ဖမ်းဆီးပါက ရဲတပ်ဖွဲ့ဝင်များပါ အရေးယူခံရမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီတိုက်ရိုက်ကွပ်ကဲသည့် နယ်မြေများတွင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်မည်ဆိုပါက ရန်ကုန်တိုင်းအခြေစိုက် နည်းဗျူဟာမှူး၊ တပ်ရင်းမှူးနှင့် စစ်ကြောင်းမှူးများကို အကြောင်းကြားရန် ထပ်ဆင့်ညွှန်ကြားချက်များ ပေးပို့ထားကြောင်း သိရသည်။
“အကြောင်းကြားစာ ထွက်လာတာ မှန်ပါတယ်။ ရဲလုပ်ငန်းစဉ်ကို ဝင်ရောက်နှောင့်ယှက်တဲ့ ရဲထက်ဆိုး တွေပေါ့။ တပ်ထဲမှာဆိုရင် အတောင်းအရမ်းကြမ်းတဲ့သူတွေကို ရဲထက်ဆိုးလို့ နာမည်ပေးကြတယ်။ အခုကတပ်မှာ ရဲထက်ဆိုးတွေ များလာတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရဲတပ်ဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာ နည်းဗျူဟာမှူးများ၊ နယ်မြေခံတပ်ရင်းများထံသို့ သတင်း ပို့ဆောင်မှုပြုလုပ်ပြီးမှသာ ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
စစ်တပ်၏ ခွင့်ပြုချက်မပါဘဲ ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်ပါက ထိုသို့လုပ်ဆောင်သည့် ရဲတပ်ဖွဲ့ဝင်များကို ယာယီထိန်းသိမ်းထားနိုင်သည်ဟု ညွှန်ကြားစာတွင် ပါဝင်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။
ယင်းသို့ ထုတ်ပြန်ရသည့် အဓိကအကြောင်းအရင်းမှာ စစ်ကောင်စီအရာရှိများ ပိုင်ဆိုင်သည့် တရားမဝင်လုပ်ငန်းများကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခြင်းနှင့် စစ်ဗိုလ်ချုပ်များ ခွင့်ပြုထားသည့် မူးယစ်ဆေးသယ်ဆောင်မှုများကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက ယခုကဲ့သို့ ရဲလုပ်ငန်းစဉ်များကိုပါ ဝင်ရောက်နှောင့်ယှက်၍ တိုင်းအရန်တပ်မများထံသို့ ညွှန်ကြားစာ ထွက်လာရခြင်းမှာ ၎င်းတို့၏ အကျိုး စီးပွားကို တိုက်ရိုက်ထိပါးခြင်းကြောင့် ဖြစ်ပြီး၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း လုပ်ဆောင်ရမည့် အတိုင်းအတာထက် ကျော်လွန်၍ ငွေညှစ်ရန် သက်သက် ဖမ်းဆီးကာ တောင်းယူလိုသည့်ငွေပမာဏ ရရှိပါက ပြန်လည်လွှတ်ပေးခြင်းစသည့် လုပ်ရပ် များကို လုပ်ဆောင်နေကြောင်း သိရသည်။
ဓာတ်ပုံ-အင်တာနက်(ပုံဟောင်း)
#စစ်ကောင်စီတပ် #အကြောင်းမကြားပါက #ရဲ #ဖမ်းခံရမည် #Ayeyarwaddy_Times