ဧရာဝတီတိုင်းမ်
ဇွန် ၂၃ ရက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ အမှတ် (၃၂) ရဲတပ်ရင်းအနီးတွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်သားများ နေ့စဉ် ထွက်ပြေးလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စိသည် ပြီးခဲ့သည့် ဇွန် ၂၁ ရက် ညပိုင်းတွင် ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များဖြစ်သည့် တိုးချဲ့နှင့် ကုလားဘာ တောင်ရပ်ကွက်တို့၌ စစ်မတိုက်လို၍ ထွက်ပြေးကာ ပုန်းအောင်းနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“စစ်တပ်ဘက်က သေဆုံးမှုများနေလို့ တပ်သားတွေ စုဖွဲ့ပြီး ထွက်ပြေးနေကြတာ။ ရပ်ကွက်တွေထဲ ဝင်ပုန်းလို့ လက်ခံတဲ့အိမ်ရှင်ကိုပါ ဖမ်းတယ်လို့ သိရပါတယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ၎င်းတို့စစ်တပ်မှ ထွက်ပြေးလာသည့် တပ်ဖွဲ့ဝင်များကို လက်ခံထားသည့် အိမ်ရှင်များကိုပါ ဖမ်းဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများပြီး စစ်ကြောင်းလိုက် လက်နက်ချ အညံ့ခံသူများလည်း များပြားလာကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ အရာရှိပိုင်းမှ စစ်ကြောင်းမှူး၊ ဒုတပ်ရင်းမှူးများပါမကျန် သေဆုံးနေကြသဖြင့် အောက်ခြေစစ်သားများမှာ စစ်တိုက်လိုစိတ်မရှိတော့ဘဲ အစုလိုက်အဖွဲ့လိုက် တပ်အတွင်းမှ ထွက်ပြေးနေကြကြောင်း သိရသည်။

ဇွန်လ ဒုတိယပတ်အတွင်းတွင် စစ်ကောင်စီက စစ်ကူလွှတ်လိုက်သည့် အင်အား ၁၀၀ ပါ စစ်ကြောင်းမှာလည်း ကျောက်ဖြူရှေ့တန်းအတွင်း ပျောက်ဆုံးနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဓာတ်ပုံ – AA Info Desk
ပုံစာ-အမ်းမြို့သိမ်းတိုက်ပွဲအတွင်း တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။

#ရခိုင် #ကျောက်ဖြူ #ထွက်ပြေး #တပ်သား #စစ်ကောင်စီ #လိုက်ဖမ်း #Ayeyarwaddy_Times